အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ(၂၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်) မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ ကြီးမှူးပြီး မျိုးဆက်သစ်ခရစ်ကက်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကလပ်ပေါင်းစုံခရစ်ကက်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေခံပညာကျောင်းများတွင် ခရစ်ကက်သင်တန်းများနှင့် ပြိုင်ပွဲများကိုလည်း နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကလည်း ပြည်နယ်နှင့်တိုင်းဒေသကြီး ခရစ်ကက်ပြိုင်ပွဲ များကို ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၆)ကြိမ် ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း၊ ခရစ်ကက် အားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် မျိုးဆက်သစ်လူငယ်များ ရရှိလာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ခရစ်ကက်အားကစားနည်းကို ထည့်သွင်းကျင်းပပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများကို နိုင်ငံတော်အစိုးရအဆက်ဆက်မှလည်း ထိုက်ထိုက်တန်တန် ဆုကြေးငွေများချီးမြှင့်ပေးခဲ့ပါကြောင်း၊ အာရှအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် သက်ရှိထင်ရှား နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုလည်း လစဉ်ဂုဏ်ပြု ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် မျိုးဆက်သစ်အားကစားသမား များမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ထူးချွန်အားကစားသမားများ ပေါ်ထွက်လာစေရန် အတွက် အတတ်နိုင်ဆုံး အလေးထားဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ ယခုသင်တန်း သို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသအသီးသီးတွင် ခရစ်ကက်အားကစားနည်းပြန့်ပွားစေရန်အတွက် မျိုးဆက်သစ်ခရစ်ကက် အားကစားသမားများကို ရှာဖွေစုဆောင်းပြီး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ယခုလို နည်းပြနှင့် ဒိုင်သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲ နေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးနေသည့် Rules and Regulations များကို အလွယ်တကူသိရှိနားလည်လာမည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်သောကြောင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာစေရန် နည်းပြများ အနေဖြင့် စည်းရုံးဆောင်ရွက်သွားကြရန်တိုက်တွန်းပြောကြားလိုကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးသည့် စာတွေ့/လက်တွေ့ သင်ခန်းစာ များကို သင်ယူလိုစိတ်အပြည့်အဝနှင့် သေချာစွာလေ့လာသင်ယူပြီး ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ခရစ်ကက်အားကစားနည်းဖြင့် ရွှေတံဆိပ်များစွာရယူပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်)မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို မေ(၂၇) ရက်နေ့မှ ဇွန်(၇)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၂၉)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။