အားကစားရေးရာဝန်ကြီးဌာန

Loading

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် ၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည့် Football For Schools Program ဖြင့်ပညာရေးဝန်ကြီးဌာနသို့ ဘောလုံးများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ လူမှုအကျိုးပြု ကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်(အမျိုးသား/အမျိုးသမီး) ဘောလုံးအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ အစီအစဉ်အရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆောင်ရွက်ခဲ့သော Grassroots Football Festival လှုပ်ရှားမှု Activities များအား Video File ဖြင့် ပြသခဲ့ပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မြန်မာ့ဘောလုံးလောကကို အထောက်အပံ့ဖြစ်စေသည့် အခမ်းအနားဖြစ်၍ ထူးခြားဝမ်းမြောက်ကြည်နူးရပါကြောင်း၊ နိုင်ငံတော်မှ အားကစားကို အထူးအလေးထားအားပေးလျက်ရှိပြီး မျိုးဆက်သစ်ဘောလုံးအားကစားသမားများအတွက်သာမက မြန်မာ့ ဘောလုံးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမျိုးသားအားကစားဖြစ်သည့် ဘောလုံးအားကစားနည်းကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိသည့် စာသင်ကျောင်းများ၌ ဘောလုံးအားကစားနည်းကို ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားနိုင်စေရန် Football For Schools Program ကို အကောင်အထည်ဖော်နိုင်ရန် စတင်သည့် အခမ်းအနားဖြစ်၍ အနာဂတ်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ရေးကို ပိုမို အထောက်အကူဖြစ်စေရန် ဘောလုံးကွင်းများကို ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံပေါင်း ၂၀၀ ကျော်ပါဝင်သည့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်(FIFA)၏ International Football Program တစ်ခုဖြစ်သည့် Football For Schools Program သည် “ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး အတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက အထောက်အကူပေးနိုင်သည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို ပိုမိုမြှင့်တင်နိုင်စေရန် အားကစားကဏ္ဍသည် အရေးပါသည် ဖြစ်၍ ယခုလို အားကစားလှုပ်ရှားဆောင်ရွက်နိုင်ရန် Football For Schools အစီအစဉ်များအရ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပံ့ပိုးပေးအပ်သည့် Adidas အမှတ်တံဆိပ်ဘောလုံးများကို လှူဒါန်းပေးသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ကျောင်းများတွင် Football For Schools အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာ့ဘောလုံးလောကကို ပြန်လည်ဦးမော့လာစေရန် သဒ္ဓါထက်သန်၍ စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့အခမ်းအနားသည် မြန်မာ့ဘောလုံး လောကကို မြှင့်တင်ပေးနိုင်ရန် အထောက်အကူပြုသည့် မင်္ဂလာရှိသောနေ့ဖြစ်ပါကြောင်း၊ လူမှုမိသားစု ဘဝကို များစွာမြှင့်တင်ပေးနိုင်ပြီး ဘောလုံးအားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်၍ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အခြေခံနည်းစနစ်များကို သေသေချာချာ သင်ယူလေ့ကျင့်ပြီးမှ ကစားသွားရန်နှင့် ပညာလည်းတော်၊ အားကစားလည်းတော်သည့် နိုင်ငံ့သားကောင်း/သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ လူမှုအကျိုးပြုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က Football For Schools အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူ့အရင်းအမြစ်များစွာရှိသည့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းသားဂုဏ်ယူမိပါကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများနှင့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ကြောင်း၊ ယခုကျင်းပသည့် Football For Schools Program သည် မြန်မာ့ဘောလုံးအားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရန် အစပျိုးသည့် အခမ်းအနားဖြစ်၍ ကျောင်းသား/ကျောင်းသူများအားလုံး ဘောလုံးကစားတတ်စေရန်၊ ထူးချွန်အားကစားသမားများ ရွေးချယ်ခြင်း၊ နည်းပြများနှင့် ဒိုင်လူကြီးများအား မွေးထုတ်ပေးရန်၊ သင်တန်းများဖွင့်လှစ်ပေးရန်၊ ပြိုင်ပွဲများ ကျင်းပပေးရန်နှင့် ပြိုင်ပွဲများ စေလွှတ်ယှဉ်ပြိုင်နိုင်စေရန်တို့ အတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Adidas အမှတ်တံဆိပ်ဘောလုံး ၄၂၇၆၀ ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဦးဇော်ဇော်တို့က လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် နှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် ကျောင်းသား/ကျောင်းသူများ၏ အပျော်တမ်း Mini Football Game ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။