ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အားကစားဝါသနာရှင်များ ဝင်ရောက်ကြည့်ရှုနိုင်
နေပြည်တော်၊ ဒီဇင်ဘာ(၈)ရက်
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း(၂၃)မျိုးဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၊ ပြည်ထောင်စု နယ်မြေနေပြည်တော် အားကစားကွင်း/ အားကစားရုံ(ရွှေကြာပင်)၊ ပေါင်းလောင်း အားကစားကွင်း၊ နေပြည်တော်လေ့ကျင့်ရေးကွင်း(၂)(လယ်ဝေး)၊ လယ်ဝေးမြို့နယ် အားကစားကွင်းနှင့် ပျဉ်းမနားမြို့ဘောဂဝတီအားကစားကွင်းတို့တွင် ကျင်းပလျက် ရှိပါသည်။
ပြိုင်ပွဲအသီးသီးသို့ ကြည့်ရှုအားပေးလိုသော အားကစားဝါသနာရှင်ပြည်သူများ အနေဖြင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းဂိတ်(၃)တွင်လည်းကောင်း၊ ပြိုင်ပွဲကွင်း/ရုံအသီးသီး ဝင်ပေါက်ဂိတ်များတွင်လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်(သို့မဟုတ်) ယာဉ်မောင်း လိုင်စင်ဖြင့် ယာယီဝင်ထွက်ကတ်ပြားများကိုလဲလှယ်၍ အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။