အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်

နေပြည်တော်၊ မေ(၃၁)ရက်။

National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက် အကူဖြစ်စေရေး၊မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၃၁)၊ အားက စားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာ ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ (ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ပြေးခုန်ပစ်) အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ၂၀၀၇ ခုနှစ်မှ စတင်၍ ဘောလုံးနှင့်ဘော်လီဘောပြိုင်ပွဲများကိုသာ ဝန်ကြီးဌာနပေါင်းစုံ သီးသန့်ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပပြုလုပ်ပေးခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ်တွင် ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများအဖြစ် ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ် (အမျိုးသား)နှင့် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ(၅)ပွဲအား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အတွက် ပြိုင်ပွဲပြက္ခဒိန်အား ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း၊ စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲအား (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး “ နိုင်ငံတော် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများကိုလည်း ဒီဇင်ဘာလ (၁၅)ရက်နေ့အပြီး ထပ်မံကျင်းပပေးသွားမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေဖြင့် ယခင်နှစ်များထက် ပိုမိုပါဝင် ယှဉ်ပြိုင်သွားကြစေလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၆)နှစ်အောက်၊ အသက်(၁၉)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈)နှစ်အောက်၊ အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းပြိုင်ပွဲ များမှတဆင့် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများတွင် ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် အားကစားသမားများအားရွေးချယ်၍ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ထားပြီး ဝင်ရောက်ကစားနိုင်ကြောင်း၊ ပြိုင်ပွဲများနှင့်ပတ်သက်သည့် စည်းမျဉ်း/စည်းကမ်းများနှင့် အစီအစဉ်များကိုလည်း ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန အသင်းများဖွဲ့စည်းရာတွင် ယခင်စည်းမျဉ်း/စည်းကမ်းအတိုင်း ပြိုင်ပွဲဝင်အားကစားသမားများအား အမြဲတမ်းဝန်ထမ်းလုပ်သက် အနည်းဆုံး(၂)နှစ် သတ်မှတ်ထားရှိမည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနများ အနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများအတိုင်း ဝင်ရောက်ယှဉ်ပြိုင် ကြစေလိုကြောင်း၊ အသင်းလိုက်ပြိုင်ပွဲများတွင် ဆုကြေးငွေများအဖြစ် ပထမဆု (၂၀)သိန်း ၊ ဒုတိယဆု (၁၅)သိန်း၊ တတိယဆု (၁၀)သိန်း နှင့် စတုတ္ထဆု (၅)သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး၊ ဆုဆွဲပြားနှင့် ဆုဖလားများလည်း ချီးမြှင့်သွားမည်ဖြစ်၍ ဝန်ကြီးဌာန များအနေဖြင့် ပြိုင်ပွဲများ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဆွေးနွေးပြောကြားရာတွင် ယခင်ကဝန်ကြီး ဌာနပေါင်းစုံပြိုင်ပွဲအား ဘောလုံးနှင့် ဘော်လီဘောပြိုင်ပွဲများကိုသာ သီးသန့်ကျင်းပပြုလုပ်ခဲ့ပြီး ကျန်အားကစားပြိုင်ပွဲများကို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအဖြစ် ကျင်းပခဲ့ခြင်းသာဖြစ်ပြီး ယခုနှစ်မှစ၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ပြိုင်ပွဲများအဖြစ် ပြောင်းလဲကျင်းပ သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနများအနေဖြင့် အသင်းများဖွဲ့စည်းရာတွင် ပြိုင်ပွဲကျင်းပရေးကော်မတီမှ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း ဖွဲ့စည်းဆောင်ရွက်သွားရန် မေတ္တာရပ်ခံပါကြောင်း၊ အသင်းဖွဲ့စည်းရာ၌ အားကစားသမား များလိုအပ်ပါက ပြည်နယ် /တိုင်းဒေသကြီး ပြိုင်ပွဲများ တွင် လာရောက်ကြည့်ရှုပြီး ရွေးချယ်နိုင်ကြောင်း၊ ပြိုင်ပွဲကျင်းပမည့်အစီအစဉ်များ ပြိုင်ပွဲပုံစံ၊ လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို အားကစားနည်းအလိုက် ပြုလုပ်မည့် နေ့ရက်၊ အချိန်နှင့်နေရာများကိုလည်း ကြိုတင်အသိပေးဖိတ်ကြားသွားမည်ဖြစ်၍ အသင်းအုပ်ချုပ်သူများအနေဖြင့် အစည်းအဝေးကို မပျက်မကွက်တက်ရောက်ပေးကြဖို့လိုကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည်များရှိပါက ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) သို့ မေးမြန်းစုံစမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် တာဝန်ရှိသူများမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများတွင် ပါဝင်သည့်အချက်အလက်များ၊ အသင်းဖွဲ့စည်းမှုများနှင့်ပတ်သက်၍ နေ့စားဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ပြုနိုင်ရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးမှ ဆွေးနွေးတင်ပြချက်များအား ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။