အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ဖေဖော်ဝါရီ(၉)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် (၁)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ရိုးရာအားကစားနည်းများအား ဖော်ထုတ်နေသည်ဖြစ်၍ နိုင်ငံသားတိုင်း သိုင်းပညာ တတ်မြောက်ရမည်ဟု နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည့်အတွက် မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်ဖြစ်တဲ့ မြန်မာ့သိုင်းအားကစားနည်း ဖွံဖြိုးတိုးတက်စေရေး၊ မြန်မာ့သိုင်းပညာကို လူငယ်/လူရွယ်တိုင်း စိတ်ပါဝင်စားလာပြီး လေ့ကျင့်ကစားနိုင်စေရေး တို့အတွက် မြန်မာ့သိုင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒိုင်လူကြီးများအနေဖြင့် ပြိုင်ပွဲတွင် မှန်မှန်ကန်ကန်ဖြင့် ဘက်လိုက်မှုမရှိဘဲ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း အကဲဖြတ်အမှတ်ပေးရန်နှင့် ယခုပြိုင်ပွဲတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အလားအလာရှိပြီးထူးချွန်ထက်မြက်သည့် ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများအား လူငယ်နှင့်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) တွင် ရွေးချယ်၍ လေ့ကျင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအား ပြိုင်ပွဲကာလမတိုင်မှီ (၂)လ ကြိုတင်၍ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအား ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် သတ်မှတ်ထားသည့် ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြိုင်ပွဲဝင်အသင်းများအားလုံး သွား/လာနေထိုင်ကြရန်နှင့် အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိအားကစားသမားများအား အထူးဂရုစိုက်၍ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းများ အနေဖြင့် ပြိုင်ပွဲသို့လာရောက်ယှဉ်ပြိုင်သည့်အခါ တည်းခိုဆောင်သို့မဝင်ရောက်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂) ကြိမ်ထိုးပြီးကြောင်း၊ ကိုဗစ်ရောဂါပိုး ရှိ/မရှိအား နှာခေါင်းတို့ပတ် (RTD Test) ဖြင့် စစ်ဆေးပြီးကြောင်း အထောက်အထားယူဆောင်လာရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် အသက်ကန့်သတ်ချက်အတိုင်း ပါဝင်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းနှင့်သုတေသနဌာနခွဲမှ စစ်တမ်းကောက်ယူ၍ ဒေတာအချက်အလက်များ တောင်းခံလာမှုအပေါ် အလေးအနက်ထားပြီး မှန်မှန်ကန်ကန်ဖြေဆိုပေးဖို့ မေတ္တာရပ်ခံလိုကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့သိုင်း အားကစားနည်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရန်အတွက် အဖွဲ့ချုပ်နှင့် ဦးစီးဌာနမှ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နှစ်စဉ် ပြိုင်ပွဲကျင်းပစရိတ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ ခရီး စရိတ်၊ စားစရိတ်များ ကျခံပေးခဲ့ပြီး ဆုရရှိသည့်အားကစားများအား ဆုတံဆိပ်/ဆုဖလားများအပြင် ဆုကြေးငွေများလည်း ချီးမြှင့်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင် တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲများတွင် ဆုတံဆိပ်/ဆုဖလားများနှင့် ဆုကြေးငွေများအပြင် အမျိုးသား/အမျိုးသမီး လက်သိုင်းအတိုက် အကောင်းဆုံးအားကစားသမားဆု၊ အမျိုးသား/အမျိုးသမီး ဓါးအတိုက် အကောင်းဆုံး အားကစားသမားဆုများ၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု နှင့် စုပေါင်းတံခွန်စိုက် ဒိုင်းဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့တာဝန်ရှိသူများမှ ပြိုင်ပွဲယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်မျာ၊း တည်းခိုနေထိုင်စားသောက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြိုင်ပွဲဝင်အသင်းများအားလုံး အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ မှ (၁၄) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ B ၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း (၁၄) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။