အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

Kurash အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်ကြည့်ရှုအားပေး

ဗီယက်နမ်၊ မေ(၁၁)ရက်။         

ဗီယက်နမ်နိုင်ငံ၌ မေလ (၁၂) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပလျက်ရှိသော (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့ မြန်မာစံတော်ချိန် နေ့လည် (၂)နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Gymnasium တွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီးမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာအားကစားအဖွဲ့များမှ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

အဆိုပါ ပြိုင်ပွဲတွင် Kurash အားကစားနည်း +၈၇ ကီလိုတန်း အားကစားသမား  မအေးအေးအောင်သည် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။ ပွဲဦးထွက် အကြိုဗိုလ်လုပွဲတွင် မအေးအေးအောင်သည် ပြိုင်ဘက်အသင်းဖြစ်သော ထိုင်း အားကစားသမားကိုလည်းကောင်း၊ ဆီးမီးဖိုင်နယ်တွင် ဗီယက်နမ် အားကစားသမားကိုလည်းကောင်း အနိုင် ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါသည်။

ထို့နောက် ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ မအေးအေးအောင်မှ ဖိလစ်ပိုင် အားကစားသမား TANGCONTIAN SYDNEY SY ကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှ ငွေတံဆိပ်နှင့် အိမ်ရှင် ဗီယက်နမ်နိုင်ငံမှ ကြေးတံဆိပ်များ အသီးသီးရရှိခဲ့ကြပါသည်။

ထို့အပြင် (၁၀.၅.၂၂) ရက်နေ့တွင် မြန်မာအသင်း၏ ပထမဆုံးဆုတံဆိပ်ကို Kurash အားကစားနည်းမှ အမျိုးသမီး -၄၈ ကီလိုတန်း အားကစားသမား ခင်ခင်စုက တတိယကြေးတံဆိပ်ဆုကို ရယူပေးခဲ့ပါသည်။

ယနေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော Kurash အားကစားသမား  မအေးအေးအောင်သည် ဂျူဒိုအားကစားနည်းဖြင့် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုတစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုတစ်ကြိမ်နှင့် ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုတစ်ကြိမ် စုစုပေါင်း ရွှေတံဆိပ်ဆု (၃)ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားသော အားကစားသမားတစ်ဦးဖြစ်ကြောင်း သတင်းရရှိပါသည်။