အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ASIAN GAMES နှင့် SEA GAMES ပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ထောက်ပံ့ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ(၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ Asian Gameနှင့် SEA Games ပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့သည့် အသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား လစဉ်ထောက်ပံ့ကြေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁) ရှိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် တာဝန်ရှိညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ၏ လမ်းညွှန်ချက်အရ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး စီမံဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁.၉.၂၀၂၁) ရက်နေ့တွင် Video Conferencing စနစ်ဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူး၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းအသင်းဥက္ကဌ ဦးနန္ဒကျော်စွာ၊ အတွင်းရေးမှူး မြန်မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားဟောင်း အပါအဝင် ဆွေးနွေးညှိနှိုင်းခြင်း အားပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ဆွေးနွေးချက်များအရ အသက်(၆၀) နှစ်နှင့်အထက် အားကစားသမားဟောင်းများအား လစဉ် ထောက်ပံ့ပေးရာတွင် Asian Game တွင် ရွှေတံဆိပ်ရရှိသူများ၊ ငွေတံဆိပ်ရရှိသူများ၊ ကြေးတံဆိပ်ရရှိသူများ၊ SEA Games တွင် ရွှေတံဆိပ်(၁၀) ခုနှင့်အထက် ရရှိသူများ၊ (၅) ခုမှ (၉) ခုထိရရှိသူများ၊ (၁) ခုမှ (၄) ခုအထိ ရရှိသူများအား  အဆင့်အတန်းများ ခွဲထားပြီး၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ရရှိသူများအတွက် ငွေကြေး လျာထားတွက်ချက်မှုအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ရာ တွက်ချက်မှုများအရ အသက် (၆၀) နှစ်နှင့်အထက် Asian Game တွင် ရွှေတံဆိပ်(၁) ခုရရှိခဲ့သူများအား (၂) သိန်းနှုန်း၊ ငွေတံဆိပ်(၁) ခုရရှိခဲ့သူများအား (၁) သိန်းခွဲနှုန်း၊ ကြေးတံဆိပ် (၁) ခုရရှိခဲ့သူများအား (၁) သိန်းနှုန်း ထောက်ပံ့ပေးပါက ရွှေတံဆိပ်ရရှိသူ (၁၄) ဦး၊ ငွေတံဆိပ်ရရှိသူ (၅) ဦး၊ ကြေးတံဆိပ်ရရှိသူ (၇) ဦး စုစုပေါင်း (၂၆) ဦးနှင့် SEA Games တွင် ရွှေတံဆိပ်(၁၀) ခုနှင့်အထက်ရရှိသူအား (၁) သိန်းခွဲနှုန်း၊ (၅) ခုမှ (၉) ခုထိရရှိသူအား (၁) သိန်းနှုန်း၊ (၁) ခုမှ (၄) ခုထိရရှိသူအား (၇) သောင်းနှုန်း၊ ငွေတံဆိပ်(၁) ခုကို (၅) သောင်းနှုန်း၊ ကြေးတံဆိပ်(၁) ခုကို (၃) သောင်းနှုန်း သတ်မှတ်ခဲ့ပြီး SEA Games တွင် ရွှေ၊ ငွေ၊ ကြေးရရှိခဲ့သူ (၂၄၈)ဦးရှိပြီး Asian Games နှင့် SEA Games တွင် စုစုပေါင်း ဆုတံဆိပ်ရရှိသူ (၂၇၄) ဦးထည့်သွင်းတွက်ချက်ခဲ့ကြောင်း၊ ဆုရရှိသည့် အားကစားသမားများ သက်ရှိထင်ရှား ရှိ/ မရှိ အဖွဲ့ချုပ်များနှင့်ဆက်သွယ်ခဲ့ရာ ကွယ်လွန်သူ(၂၅) ဦး ရှိကြောင်း သိရှိရပြီး ထောက်ပံ့ကြေးပေးရန် စုစုပေါင်း (၂၄၉) ဦးသာ ကျန်ကြောင်း၊ အဆိုပါ (၂၄၉) ဦးအတွက် (၁) လကို (၁၆.၅၉) သန်းဖြင့် မတ်လအထိ (၉၉.၅၄) သန်း ကုန်ကျမည်ဖြစ်ကြောင်း (၆) လ ဘတ်ဂျက်ငွေအဖြစ် (၁၁၃.၄) သန်း တွက်ချက်ပါရှိထားပြီး ဖြစ်ကြောင်း၊ ထောက်ပံ့ကြေးပေးမည့်သူများထဲမှ ပြည်ပရောက်ရှိနေသူ၊ သာသနာ့ဘောင်ရောက်ရှိနေသူ၊ အဆက်အသွယ်မရရှိသူ (၂၂) ဦးပါဝင်ကြောင်းနှင့် ၎င်းတို့အတွက် (၁၆) သိန်း (၅) သောင်း ထည့်သွင်း တွက်ချက်ထားပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ဆွေးနွေး ပြောကြားရာတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမာဟောင်းများအား ချီးမြှင့်ငွေပေးရာတွင် နိုင်ငံတော် အကြီးအကဲအနေဖြင့် တလုံးတခဲတည်းပေးပါက တခဏတည်းကုန်သွားမည်ဖြစ်သဖြင့် လစဉ်ထောက်ပံ့ ပေးမည်ဆိုပါက ပိုမိုကောင်းမွန်ကြောင်း၊ ထောက်ပံ့ပေးမည့်အစီအစဉ်အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြန်လည်တင်ပြပေးရန် လိုအပ်ပါကြောင်း၊ တိုင်းပြည်အတွက် ဂုဏ်ဆောင်ခဲ့သူများ သက်ရှိထင်ရှား ရှိ/ မရှိ အထောက်အထား တိတိကျကျဖြင့် တွက်ချက်တင်ပြရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် သေချာတွက်ချက် အတည်ပြုချက်ရယူပြီး သက်ဆိုင်ရာခေါင်းစဉ်မှ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ပေးအပ်ချီးမြှင့် သုံးစွဲသွားဖို့လိုကြောင်း၊ ယခုကဲ့သို့ချီးမြှင့်ခြင်းဖြင့် လက်ရှိအားကစားသမားများအား ကြိုးစားချင်စိတ်များ၊ စိတ်ဓာတ်များ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ နောင် ထပ်မံဆုရရှိသည့် အားကစားသမားများအား ခေတ်ကာလနှင့်အညီ ထောက်ပံ့မှုနှုန်းထားများ ပြောင်းလဲခြင်းများ၊  ပြင်ဆင်ဆောင်ရွက်ရန် စီမံထားရှိရန် လိုအပ်ပါကြောင်း၊ ထောက်ပံ့ကြေးများအား ပြည်တွင်းနေထိုင်သူများအပြင် ပြည်ပနေထိုင်သူများအား ပေး/ မပေး ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှ ဆွေးနွေးတင်ပြရာတွင် အသက်(၆၀) နှစ်နှင့်အထက် အားကစားသမားဟောင်းများအား ထောက်ပံ့ပေးခြင်းဖြင့် နောင်လာမည့် အားကစားသမားများအား စိတ်ဓာတ်မြှင့်တင် နှိုးဆော်ပေးခြင်းဖြစ်ကြောင်း၊ ဥပမာ ရွှေတံဆိပ်(၁) ခုရရှိသူနှင့် (၁၆) ခုရရှိသည့်သူအား ဆုကြေးငွေ တစ်တန်းတည်းပေးရန်မသင့်ကြောင်း၊ ပြည်ပတွင်ရောက်ရှိနေသော ဆုရရှိသည့် အားကစား သမားများအား ဆုကြေးငွေပေးရန် ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ဆွေးနွေးတင်ပြရာတွင် ဆုတံဆိပ်ရရှိသည့် အားကစားသမားများ သက်ရှိထင်ရှား ရှိ/ မရှိ စာရင်းများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ် အားကစားမှူး၊ တိုင်းအားကစားမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ပြောင်းလဲမှု ဖြစ်ပေါ်လာပါက ထပ်မံစစ်ဆေး၍ တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြခဲ့ပါသည်။

ဆက်လက်၍ ရသုံးမှန်းခြေငွေစားရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းမှ ထောက်ပံ့ပေးမည့် ငွေကြေးဆိုင်ရာ ထုတ်ပေးရမည့်ဌာနနေရာ အတည်ပြုသတ်မှတ်ပေးရန် ဆွေးနွေးတင်ပြခဲ့ပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် လိုအပ်သည်များကို ဆွေးနွေးပြောကြားပေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းတို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်း အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။