အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီး ကလပ်အသင်းများ(အရှေ့ပိုင်းဇုန်)ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် ISPE FC မြန်မာအမျိုးသမီးဘောလုံးအသင်း ထိုင်းနိုင်ငံသို့ထွက်ခွာ

ရန်ကုန်၊ဩဂုတ်(၁၂)ရက်။

အာရှဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Women’s Club Championship 2022 (EAST) အာရှအမျိုးသမီး ကလပ်အသင်းများ(အရှေ့ပိုင်းဇုန်)ပြိုင်ပွဲကို ဩဂုတ်လ(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ မှ ISPE FC အမျိုးသမီးဘောလုံးအသင်းအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ၊ အုပ်ချုပ်သူ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်၊ နည်းပြချုပ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) အားကစားမှူး ဒေါ်နုနုခိုင်ဝင်း၊ ဂိုးနည်းပြ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး (အား/ပညာ)ဒေါ်ဇာဇာမြင့် အပါအဝင် အဖွဲ့ဝင်(၇)ဦးနှင့် အားကစားသမား(၂၃)ဦး စုစုပေါင်း (၃၀)ဦးတို့သည် ယနေ့ညနေ (၅) နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်အမှတ် (၃၅၀)ဖြင့် ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် တရုတ်(တိုင်ပေ)မှ Taichung Blue Whale FC(TPE)၊ မြန်မာနိုင်ငံမှ ISPE FC နှင့် ထိုင်းနိုင်ငံကိုယ်စားပြု ၂၀၂၂ ခုနှစ်၊ ထိုင်းအမျိုးသမီးလိဂ် ချန်ပီယံအသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ISPE FC မြန်မာအမျိုးသမီးဘောလုံး အသင်းသည် ၁၅.၈.၂၀၂၂ ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် Taichung Blue Whale FC(TPE) အသင်းနှင့်လည်းကောင်း၊ ၁၈.၈.၂၀၂၂ ရက်နေ့ (၁၈:၀၀)နာရီအချိန်တွင် Cham pion of 2022 Season(THA) အသင်းနှင့်လည်းကောင်း Chonburi Stadium, Chonburi ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။