ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး
နေပြည်တော်၊ ဇူလိုင် (၁၄)ရက်။
ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေပျော်ရွှင်စေရေး၊ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပြီး (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၂)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘော်လီဘောအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပါသည်။
အဆိုပါ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို (၄.၇.၂၀၂၂)ရက်မှ (၁၈.၇.၂၀၂၂) ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ နေ့စဉ်နံနက် (၈:၀၀) နာရီမှ စတင်၍ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စား သည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။