![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲအုပ်စုပတ်လည် နောက်ဆုံးအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၂၂
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့၌ ဇုန်(၄)ဇုန်ခွဲ၍ အသီးသီး ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်များအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ အကြီးအကဲပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးအကဲများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စု ပတ်လည်နောက်ဆုံးအဆင့် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရခိုင်ပြည်နယ် အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ် အသင်းက စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို (၆)ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည်နောက်ဆုံးအဆင့် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင် ကရင်ပြည်နယ် အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


