![]()
(၂၀)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအသင်းမှ အမျိုးသမီးတစ်ဦးချင်း Teqball Women’s Single ပြိုင်ပွဲတွင် ခင်နှင်းဝေနှင့် အမျိုးသမီး(၂)ယောက်တွဲ Teqball Women’s Doubles ပြိုင်ပွဲတွင် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲ ဗိုလ်လုပွဲသို့ တက်ရောက်
နေပြည်တော်၊ စက်တင်ဘာ ၁၉
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဂျပန်နိုင်ငံ၊ အိုင်ချီ-နာဂိုယာ မြို့(Nagoya City Higashi Sports Center)တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသော မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းမှ နည်းပြ(၂)ဦးနှင့် အားကစားသမား(၄)ဦးတို့သည် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ဝင်ယှဉ်ပြိုင်ခဲ့သည်။
တက်ဂ်ဘော အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ(Teqball Women’s Single)ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ခင်နှင်းဝေသည် ကာဂျစ်စတန်အသင်း၊ အင်ဒိုနီးရှားအသင်း၊ လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်တိုင်းကို (၂)ပွဲပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကာ ရှုံးပွဲမရှိ ရလဒ်ကောင်းများဖြင့် Semi-Final အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
အလားတူ တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် (Teqball Women’s Doubles) မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်ကြသည့် ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲသည် အုပ်စုပတ်လည်ပွဲစဉ်တွင် ပွဲဦးထွက်၌ ထိုင်းအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ကျန်ရှိသည့်အုပ်စုပတ်လည်ပွဲစဉ်များတွင် ကမ္ဘောဒီးယားအသင်းနှင့် လက်ဘနွန်အသင်း တို့ကို နှစ်ပွဲပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းကြောင့် Semi-Final အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
စက်တင်ဘာလ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲအချိန်တွင် တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ (Teqball Women’s Single) အကြိုဗိုလ်လုပွဲ (Semi-Final) ပွဲစဉ်တွင် မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာအသင်းက ခင်နှင်းဝေက အာရုံစူးစိုက်မှုကောင်းစွာဖြင့် ကစားခဲ့၍ လက်ဘနွန်အသင်းမှ အားကစားသမားကို ရမှတ် ၁၂ မှတ် ၇ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲငယ်တွင် မြန်မာအသင်းက ခင်နှင်းဝေက အမှားအယွင်း နည်းနည်းဖြင့် ဆက်လက်ကစားနိုင်ခဲ့၍ လက်ဘနွန်အသင်းမှ အားကစားသမားကို ရမှတ် ၁၂ မှတ် ၈ မှတ်ဖြင့်လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး (၂) ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည့်အတွက် (Women’s Singles Final) ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့သည်။
အလားတူ မြန်မာစံတော်ချိန် နံနက် ၈နာရီအချိန်တွင် တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲ(Teqball Women’s Doubles) အကြိုဗိုလ်လုပွဲ (Semi-Final)ပွဲစဉ်တွင် မြန်မာအသင်းနှင့် လက်ဘနွန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာအသင်းက ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက လက်ဘနွန်အသင်းမှ အားကစားသမားအတွဲတို့ကို ရမှတ် ၁၂ မှတ် ၁၁ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲငယ်တွင် မြန်မာ အသင်းက ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲက လက်ဘနွန်အသင်းမှ အားကစားသမားအတွဲတို့ကို ရမှတ် ၁၂ မှတ် ၁ မှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင် ကစားခဲ့ပြီး ၂ ပွဲပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည့်အတွက် (Women’s Doubles Final) ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့သည်။
မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန်တွင် တက်ဂ်ဘော အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ (Teqball Men’s Single) အကြိုဗိုလ်လုပွဲ (Semi-Final) ပွဲစဉ်တွင် မြန်မာအသင်းနှင့် အီရတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပွဲငယ်တွင် မြန်မာအသင်းက စောဖရိုင်းဒေးက အာရုံစူးစိုက်မှုကောင်းစွာဖြင့် ကစားခဲ့သော်လည်း အီရတ်အသင်းမှ အားကစားသမားက ရမှတ် ၁၂ မှတ် ၁၁ မှတ်ဖြင့်လည်းကောင်း၊ ဒုတိယပွဲငယ်တွင် အမှားအယွင်းနည်းစွာ ဆက်လက်ကစားနိုင်ခဲ့သော်လည်း တစ်ဖက် အီရတ်အသင်းမှ အားကစားသမားက ရမှတ် ၁၂ မှတ် ၁၁ မှတ်ဖြင့် ပွဲပြီးချိန်တွင် အီရတ်အသင်းမှ အားကစားသမားကို ကပ်၍ ရှုံးနိမ့်ခဲ့သည့်အတွက် စက်တင်ဘာလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၁ နာရီတွင် တတိယလုပွဲ ပွဲစဉ်၌ မြန်မာအသင်းမှ စောဖရိုင်းဒေးသည် ဖိလစ်ပိုင်အသင်းမှ အားကစားသမား Prince AGUSTIN နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အလားတူ မြန်မာတက်ဂ်ဘောအသင်းအနေဖြင့် စက်တင်ဘာလ ၂၀ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲ (Teqball Women’s Singles Final)ပွဲစဉ်၌ မြန်မာအသင်းမှ ခင်နှင်းဝေသည် အင်ဒိုနီးရှားအသင်းမှ အားကစားသမား Sumaya SUMAYA နှင့်လည်းကောင်း၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ (Teqball Women’s Doubles Final)ပွဲစဉ်၌ မြန်မာအသင်းမှ ဆုမွန်အောင်နှင့် ဖြူဖြူသန်းတို့အတွဲသည် ထိုင်းအသင်းမှ အားကစားသမား Suphawadi WONGKHAMC, jutatip KUNTATONG တို့အတွဲနှင့်လည်းကောင်း အသီးသီး တွေ့ဆုံယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


