![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံးအမျိုးသမီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းလူတွေ့စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ပွဲစဉ်ဇယားရေးဆွဲခြင်းများဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ ၁၄
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစား ဥယျာဉ်ကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌လည်းကောင်း၊ ဇုန်(၄)ဇုန်ခွဲ၍ အသီးသီး ကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ အစီအစဉ်အရ ပြိုင်ပွဲဝင်အသင်းများအား အသက်၊ မှတ်ပုံတင်စစ်ဆေးခြင်းများ၊ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြိုင်ပွဲ ကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပခြင်း ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးပြောကြား ခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဇုန်အလိုက် ပွဲစဉ်ဇယားများရေးဆွဲခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်း ခဲ့သည်။
ယခုကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းနှင့် သက်တမ်းအလိုက် လက်ရွေးစင်ဘောလုံးအသင်းပြိုင်ပွဲများ၊ ၂၀၂၆-၂၀၂၇ ခုနှစ်၊ Myanmar Woman League ပြိုင်ပွဲများတွင် မှတ်ပုံတင်ထားသည့် မည်သည့်အားကစားသမားများကို မဆို ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် မကိုက်ညီသော အားကစားသမားများအား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသည့် အားကစားသမားများကို ဆုဖလားများအပြင် ဆုကြေးငွေ များ၊ တစ်ဦးချင်းအကောင်းဆုံးဆုများနှင့် တံခွန်စိုက်ဒိုင်းဆုဖလားများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ်သိန်း (၃၀)၊ ဒုတိယဆု ငွေကျပ်သိန်း (၂ဝ)၊ တတိယဆု ငွေကျပ် (၁၅)သိန်း၊ စတုတ္ထဆု ငွေကျပ် (၁၀)သိန်း၊ အကောင်းဆုံးအားကစားသမားဆု ငွေကျပ် (၂)သိန်း နှုန်းနှင့် ပွဲစဉ်တလျှောက်အကောင်းဆုံးအားကစားသမားဆုအား ငွေကျပ်(၃)သိန်းနှုန်း ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဇုန်(၄)ဇုန်ရှိ တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သက်ဆိုင်ရာဇုန်များအလိုက် ပြိုင်ပွဲကာလတည်းခိုနေထိုင်စဉ်အတွင်း သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ပေးသွားစေလိုကြောင်း တာဝန်ရှိသူများက အသီးသီးပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြိုင်ပွဲ ကာလ(၁၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဘားအံ၊ တောင်ကြီး၊ ပဲခူး၊ ပုသိမ်မြို့တို့ရှိ အားကစားကွင်းများ၌လည်းကောင်း၊ ရှုံး/ထွက် ပွဲစဉ်မှစတင်၍ ဗိုလ်လုပွဲ ပွဲစဉ်အထိ ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒေသာကွင်း၊ သန်လျင်ကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသမီးအသင်း(၁၄)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (—)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


