![]()
တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် စစ်ကိုင်းတိုင်းဒေသကြီး နှစ် ၇၀၀ အားကစားကွင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံများအား ကွင်းဆင်းစစ်ဆေး
နေပြည်တော်၊ စက်တင်ဘာ ၁၃
မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အဆင့်မီအရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တည်ဆောက်ပေးနိုင်စေရေး နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အားကစားအဆင့်အတန်း တိုးတက်မြင့်မား စေရေးအတွက် အားကစားကွင်းများသို့သွားရောက်၍ နယ်မြေကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ နှစ် ၇၀၀ အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် ဘောလုံးကွင်းမြက်ခင်းပြုပြင်ခြင်း၊ ရေဖြန်းစနစ်ပြုပြင်ခြင်း၊ Over Head Tank ဂါလံ (၃၆၀၀)ဆံ့ တည်ဆောက်ခြင်း၊ ရိုးရိုးတန်းပွဲကြည့်စင် အမိုးမပါ(၂)ထပ် (ပေ ၄၄၀ x ၃၅ ပေ) တည်ဆောက်ခြင်းလုပ်ငန်း၊ အရှေ့ဘက်၊ မြောက်ဘက်နှင့်တောင်ဘက် (ပေ၂၅၄၀ x ၇ ပေ) အုတ်တံတိုင်းတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဦးစီးအရာရှိနေအိမ် (ပေ ၃၀ x ပေ ၃၀ x ၁၅ ပေ) တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားကွင်းအား နိုင်ငံတကာအဆင့်မီပြီး အရည်အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံနှုန်းများ အတိုင်းပြည့်မီ၍ ရေရှည်တည်တံ့ပြီး အသုံးပြုနိုင်စေရေးအတွက် အလေးထားဆောင်ရွက်ပေးသွားရန် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ ပိုးတန်းအားကစားကွင်းသို့ သွားရောက် ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် ခရိုင် အားကစားရုံ (ပေ ၆၀ x ပေ ၃၀ x ၁၂ ပေ)တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားရုံရေရှည်တည်တံ့စေရေး၊ ကြမ်းခင်းများ အရည်အသွေးပြည့်မီ ကောင်းမွန်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မြဧရာတင်းနစ် ကွင်းတို့အား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)သို့သွားရောက်၍ အားကစားကွင်း/အားကစားရုံများ၊ သင်တန်းသား/ သင်တန်းသူအိပ်ဆောင်များ၊ စားရိပ်သာနှင့်စာသင်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ(မန္တလေး)ရှိ စာသင်ခန်း၊ စားရိပ်သာနှင့်ဆေးပေးခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မြန်မာ့လက်ရွေးစင်ဘောလုံးအမျိုးသမီးအသင်းကို အထောက်အကူပြုနိုင်မည့် လူငယ်မျိုးဆက်သစ်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများနှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။




