အားကစားရေးရာဝန်ကြီးဌာန

Loading

မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ၏

စက်တင်ဘာ ၈။

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ အပ်နှင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မွန်ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြာရေးမှူး ဦးနေမျိုးလွင်က အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်း အောင်နိုင်ရေးအတွက် မွန်ပြည်နယ် ပြည်သူလူထုကိုယ်စား စိတ်ဓာတ်ခွန်အားများ ပေးလိုက်ခြင်းဖြစ်ကြောင်း အားကစားသမားများကလည်း ပြည်နယ်ဂုဏ်မြှင့်တင်နိုင်ရေးဆိုသည့် အဓိဋ္ဌာန်ဖြင့် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန် စသည်ဖြင့် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေ ကျပ်သိန်း (၅၀) ကို ပေးအပ်ခဲ့ရာ မွန်ပြည်နယ် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသက် (၁၉) နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။