အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် Fire Dragon International Futsal Cup -2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၊ 2027 AFC U 20 Asian Cup Qualifiers ပြိုင်ပွဲအား ကြည့်ရှုအားပေး

ရန်ကုန်၊ စက်တင်ဘာ ၆။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာအားကစားခန်းမသို့ သွားရောက်၍ အားကစားခန်းမအားလည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တည်ဆောက်လျက်ရှိသည့် မြသီတာ ဘောလုံးကွင်း အလျား ၁၀၀ ပေ x အနံ ၄၀ ပေ အထူးတန်းပွဲကြည့်စင် တည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ် လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဒေသာအားကစားကွင်းသို့ သွားရောက်၍ အလေးမ၊ လက်ဝှေ့၊ ဘိလိယက်/စနူကာ၊ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) စသည့် ရန်ကုန်တိုင်း လက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်ကစားနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီးနောက် အားကစားသမားများအားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားကောင်းဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်၍ လေ့ကျင့်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပြီး အားကစားဆပ်ကော်မတီ ဥက္ကဋ္ဌများက အားကစားကဏ္ဍနှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ် ဘောလုံးကော်မတီ ဥက္ကဋ္ဌ၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ MFF Futsal Indoor Stadium ၌ မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင် ဘောလုံးကော်မတီနှင့် EABC Distribution Co.,Ltd တို့ ပူးပေါင်းလက်ခံကျင်းပသည့် Fire Dragon International Futsal Cup -2026 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီးနောက် MIU FC အသင်းနှင့် Black Pearl အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်း(YTC) ဘောလုံး ကွင်းသို့ သွားရောက်၍ 2027 AFC U 20 Asian Cup Qualifiers ပြိုင်ပွဲတွင် မြန်မာ U 20 အသင်းနှင့် မော်လဒိုက် U 20 အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ရာ ပွဲကစားချိန်(၁၀)မိနစ် တွင် မြန်မာအသင်းမှကျောနံပါတ် (၇) စိုင်းဗိုလ်ဗိုလ်ကျော် ကပထမဦးဆောင်ဂိုးကိုလည်းကောင်း၊ (၂၁)မိနစ်အချိန်တွင် ကျောနံပါတ်(၁၉)သူရမင်းသန့်ကဒုတိယဂိုးကိုလည်းကောင်းသွင်းယူနိုင်ခဲ့သည်။

ဆက်လက်၍ဒုတိယပိုင်းကိုဆက်လက်ကစားခဲ့ရာ ပွဲကစားချိန်(၅၂)မိနစ်တွင် ကျောနံပါတ် (၁၉) သူရမင်းသန့်က မြန်မာအသင်းအတွက် တတိယဂိုးကိုလည်းကောင်း၊ (၅၆)မိနစ်တွင် ‌ကျောနံပါတ် (၆)ကြယ်ရောင်မင်းလေး ကစတုတ္ထဂိုးကိုလည်းကောင်း၊ ပွဲကစားချိန်မိနစ်(၇၀)တွင် ကျောနံပါတ် (၁၁)ကောင်းခန့်ကျော်က ပဉ္စမဂိုးကိုလည်းကောင်း ၊ (၈၅)မိနစ်တွင် ကျောနံပါတ်(၂) စွမ်းဇာနည်က မြန်မာအသင်းအတွက် (၆)ဂိုးမြောက်အနိုင်ဂိုးကိုသွင်းယူခဲ့ရာ ပြိုင်ပွဲများပြီးဆုံးချိန်တွင် မြန်မာအသင်း က မော်လဒိုက် U 20 အသင်းကို (၆)ဂိုး ဂိုးမရှိဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် ၂၀၂၉ ခုနှစ် အာရှဖလား U 20 ပြိုင်ပွဲ ခြေစစ်ပွဲသို့ ထိုက်ထိုက်တန်တန်ဖြင့်အောင်မြင်စွာ ဝင်ခွင့်ရရှိသွားသည့် အတွက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ အား ဂုဏ်ပြုအားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။