![]()
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1* Endurance Qulification 40 km (၄၀ ကီလိုမီတာ) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ FEI 1* Endurance Qulification 40 km (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးကျော်သူနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ ဒုတိယဥက္ကဋ္ဌ ဦးအေးချို၊ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်လူကြီးများ၊ တိရစ္ဆာန်ကုဆရာဝန် (Vet)အဖွဲ့နှင့် ပြိုင်ပွဲ အထောက်အကူပြုအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ FEI 1* Endurance Qulification 40 km (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ၊ မြင်းများနှင့် Crew အဖွဲ့များ သတ်မှတ်နေရာများတွင် အသီးသီး နေရာယူခဲ့ပြီးနောက် (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီး အားကစား အရည်အချင်းစစ်ပြိုင်ပွဲ တာလွှတ်ရန်အတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက Flag-off အလံလွှင့်ခြင်းနှင့် မြင်းစီးအားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ခေါင်းလောင်းတီးပြီး တစ်ပြိုင်နက် တာလွှတ်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမား (၈)ဦးနှင့် မြင်း ၈ ကောင်၊ စုစုပေါင်း ပြိုင်ပွဲဝင်အတွဲ ၈ တွဲတို့ဖြင့် ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်းများက သတ်မှတ်ထားသော Water Point နေရာသို့ ရောက်ရှိသည့်အခါ မြင်းများအား ရေလောင်းပေးခြင်း/ရေတိုက်ခြင်းများပြုလုပ်ပေးခဲ့ပြီး ပထမ လမ်းပိုင်း ၂၀ ကီလိုမီတာအတွက် ပြိုင်ပွဲကွင်းနေရာသို့ ပြန်လည်ရောက်ရှိသတင်းပို့ခဲ့ပြီး မြင်းများ အား ရေလောင်းပေးခြင်း/ရေတိုက်ခြင်းများ၊ တိရစ္ဆာန်ကုဆရာဝန် (Vet)အဖွဲ့က ကျန်းမာရေးစစ်ဆေးခြင်း နှင့် သက်ဆိုင်ရာ ဒိုင်လူကြီးအဖွဲ့တို့က မြင်းများအား (အဝင်/အထွက်)မှတ်ပုံတင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က (၄၀ ကီလိုမီတာ) ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပပေးရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးနောက် ဒုတိယလမ်းပိုင်း ၂၀ ကီလိုမီတာအတွက် ပြိုင်ပွဲဝင်အားကစားသမားများနှင့်မြင်းများ သတ်မှတ်အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ရာ သတ်မှတ်ထားသော Water Point နေရာသို့ ရောက်ရှိသည့် အခါ မြင်းများအား ရေလောင်းပေးခြင်း/ရေတိုက်ခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး မြင်းစီးအားကစားကွင်းရှိ သတ်မှတ်နေရာတွင် အသီးသီး ပန်းဝင်ခဲ့ကြပြီးနောက် တိရစ္ဆာန်ကုဆရာဝန် (Vet)အဖွဲ့က ဒုတိယအကြိမ် ထပ်မံ၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ဒိုင်လူကြီးအဖွဲ့တို့က မြင်းများအား (အဝင်/အထွက်) မှတ်ပုံတင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၄၀ ကီလိုမီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲတွင် အောင်မြင်ခဲ့သည့် အားကစားသမားများနှင့်မြင်းများအား အရည်အချင်းစစ်ဆေးမှုအောင်မြင်ကြောင်း အောင်လက်မှတ်များ ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိရစ္ဆာန်ကုဆရာဝန် ပါမောက္ခ ဒေါက်တာဝင့်ဥမ္မာကျော်က ပြိုင်ပွဲဝင်မြင်းများ၏ ဆေးစစ်ဆေးမှုရလဒ်များနှင့်ပတ်သက်ပြီး သုံးသပ်ချက်များအား ရှင်းလင်းပြောကြား ခြင်းနှင့် အကြံပြုဆွေးနွေးခြင်း၊ မြေပြင်ဒိုင်လူကြီး ဒေါ်အေးသက်တာက ပြိုင်ပွဲဝင်အားကစားသမားများ အား ပြိုင်ပွဲနှင့်ပတ်သက်၍ သုံးသပ်ရှင်းလင်းပြောကြားခြင်းနှင့် မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပြိုင်ပွဲသုံးသပ်ချက်များနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး အကြံပြုပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် နောင်ကျင်းပမည့် ၆၀ ကီလိုမီတာ ခရီးရှည်အရည်အချင်းစစ်မြင်းစီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ရလဒ်ကောင်းများရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းအားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်း ၈ တွဲတို့အနက် အရည်အချင်းစစ်ဆေးမှု အောင်မြင်ခဲ့သော အားကစားသမားများဖြစ်ကြသည့် လင်းပြည့်သူနှင့် မြင်းအမည် ရတနာထွန်းတို့အတွဲ၊ ကျော်တိုးလင်းနှင့် မြင်းအမည် တော်ဝင်ထွန်းတို့အတွဲ၊ ထူးထက်လွင်နှင့် မြင်းအမည် မဟာထွန်းတို့အတွဲ၊ အောင်မြတ်ဇော်နှင့် မြင်းအမည် ဇယံထွန်းတို့အတွဲ၊ မြတ်သူထက်နှင့် မြင်းအမည် ဘဂျမ်းတို့အတွဲ၊ အောင်ကျော်ဇင်နှင့် မြင်းအမည် စိန်ဇက်ကြားတို့အတွဲ၊ ရဲပိုင်ဦးနှင့် မြင်းအမည် သိဒ္ဓိထွန်းတို့အတွဲ စုစုပေါင်းအားကစားသမားနှင့် မြင်း ၇ တွဲတို့အား အရည်အချင်းစစ် အောင်လက်များကို မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။



