![]()
အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျပ်သန်း ၁၀၀၀ နှင့်အထက်တည်ဆောက်ရေးလုပ်ငန်း ၁၁ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၄
အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခုအနက် ကျပ်သန်း ၁၀၀၀ နှင့်အထက် တည်ဆောက်ရေးလုပ်ငန်း ၁၁ ခု၏ မြေပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် တည်ဆောက်ရေးလုပ်ငန်း ၅၁ ခုအနက် ကျပ်သန်း ၁၀၀၀ နှင့်အထက် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ဥပဒေအကြံဉာဏ်များ ရယူဆောင်ရွက်ပြီးဖြစ်၍ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် QA/QC ကုမ္ပဏီများမှ တာဝန်ရှိသူများဖြင့် ၂၄-၇-၂၀၂၆ ရက်နေ့တွင် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရေးအတွက် QA/QC ကုမ္ပဏီ များအနေဖြင့် တည်ဆောက်ရေး ကုမ္ပဏီများမှ တင်ပြထားသည့် Structure Design များအား သေချာစွာစစ်ဆေး ဆောင်ရွက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုပြုလုပ်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီ များမှလည်း တည်ဆောက်ရေးလုပ်ငန်းများအား ဝန်ကြီးဌာန၏ စိတ်ချယုံကြည်မှုအပေါ် အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဌာနသို့ တင်ပြထားသည့် BQ၊ Estimate Drawing များအတိုင်း မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်ရန်လိုကြောင်း၊ BQ၊ Estimate ကွဲလွဲမှုရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး QA/QC ကုမ္ပဏီများမှလည်း သတ်မှတ်စံချိန်/စံညွှန်းများနှင့်အညီ သေချာစွာ စစ်ဆေးဆောင်ရွက်ပေးစေလိုကြောင်း၊ မြေပြင်၌ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းပြီးစီးမှု စစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်း၍ တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများမှ လုပ်ငန်းတိုးတက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပေးနိုင်ရန် ယခုလို ခေါ်ယူ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအခက်အခဲများရှိပါကလည်း ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေး နိုင်ကြောင်း၊ လုပ်ငန်းများ အရည်အသွေးကောင်းမွန်စေရန် QA/QC ကုမ္ပဏီများမှ တင်ပြထားသည့် Structure Design များအတိုင်း စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် အပြီးသတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက် ရေးလုပ်ငန်းများအား ဝန်ကြီးဌာန၏ စိတ်ချယုံကြည်မှုအပေါ် အလေးအနက်ထားပြီး ဆောင်ရွက် ပေးစေလိုကြောင်း၊ QA/QC ကုမ္ပဏီများအနေဖြင့်လည်း သတ်မှတ်ထားသည့် စံချိန်/စံညွှန်းများအတိုင်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိ စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးသွားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျပ်သန်း ၁၀၀၀ နှင့်အထက်တည်ဆောက်ရေးလုပ်ငန်း ၁၁ ခုအား တာဝန်ယူဆောင်ရွက် လျက်ရှိသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပြီးနောက် ဒုတိယဝန်ကြီးက အဆောက်အဦ များကို သတ်မှတ်အရည်အသွေးပြည့်မီပြီး စံချိန်/စံညွှန်းများနှင့်ကိုက်ညီအောင် လုပ်ငန်းများဆောင်ရွက် ရာတွင် ပစ္စည်းများ၊ စက်ယန္တရားအစုံနှင့် လူအင်အားအပြည့်ဖြင့် စေတနာထား၍ သတ်မှတ်ချိန်အတွင်း အပြီးဆောင်ရွက်ပေးသွားရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။




