![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ စက်တင်ဘာ ၃
ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာစေရေး၊ ပြည်သူလူထုအတွင်း ပိုက်ကျော်ခြင်း အားကစားနည်းကို တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်ပြန့်ပွားလာစေရေး၊ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဦးသန်းမောင်၊ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အားကစားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ပြီး နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပိုက်ကျော်ခြင်းအားကစားနည်းသည် မြန်မာ့ရိုးရာ ခြင်းလုံးကစားလေ့ရှိကြသည့် မြန်မာလူမျိုးများအတွက် ရင်းနှီးကျွမ်းဝင်နေပြီးသား အားကစားနည်းဖြစ်ပြီး နေရာအကျယ်အဝန်းများများ မလိုအပ်ဘဲ ခြင်းလုံးနှင့်ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် အားကစားနည်းဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး စိတ်ဝင်တစားကစားနေကြသည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “အဖိုးနည်းဝန်ပါ သင်ကျန်းမာ၊ ပိုက်ကျော်ခြင်းကို ကစားပါ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်သာမက အားကစားအတွက်ပါ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်ပြိုင်ပွဲများ၊ အရှေ့တောင်အာရှအကြို ဖိတ်ခေါပြိုင်ပွဲနှင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ ၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင် ချစ်ကြည်ရေးအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ထိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၈)ခုနှင့် ကြေးတံဆိပ် (၁၅)ခုတို့ကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး အစဉ်အလာကောင်းများဖြင့် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ အလားတူ အာရှအားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် (၃၅) ခု၊ ငွေတံဆိပ် (၄၁) ခု၊ ကြေးတံဆိပ် (၅၅)ခု၊ စုစုပေါင်း ဆုတံဆိပ် (၁၃၁) ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်ခဲ့သည့် အစဉ်အလာကောင်းသော အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင် ယခုလို အောင်မြင်မှု အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ ယနေ့ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ဝန်ကြီးဌာနကိုယ်စားပြုအသင်းများမှ အားကစားသမား မောင်/မယ်များအနေဖြင့် မိမိတို့ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သည့် ဝန်ကြီးဌာန အသင်းအောင်နိုင်ရေးအတွက် မိမိတို့၏ အစွမ်းအစနှင့် အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းကို အင်အားဖြည့်တင်း ပေးနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားအားထုတ်လေ့ကျင့်သွားရန် တိုက်တွန်းမှာကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး အစီအစဉ်အရ ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲတွင် ပါဝင်ကူညီအားပေးဖြည့်ပေးခဲ့သည့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်း ပေးအပ်ချီးမြှင့်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပိုက်ကျော်ခြင်း အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ (၇) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၇ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။




