အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိ

နေပြည်တော်၊ စက်တင်ဘာ ၂

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်ခတ်ကစားနေမှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်းလူ၊ ဦးကျော်ထင်၊ ဒေါ်စန်းစန်းနွယ်၊ ဦးသိုက်စိုး၊ ဦးအေးကျော်၊ ဦးညီညီ(မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ)၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်စွာစိုး၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသမီး) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခတ်ကစား ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အတိုးတက်ဆုံး အမျိုးသမီးအားကစားသမားဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၁) ဖြိုးစန္ဒာအောင်ကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးကျော်စွာစိုးကလည်းကောင်း၊ အတိုးတက်ဆုံး အမျိုးသားအားကစားသမားဆုရရှိသည့် မန္တလေး တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၇) ဇင်မျိုးထက်ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ ကျောနံပါတ် (၂) နန်းခိုင်သဇင်ဦးကို အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးကျော်သူကလည်းကောင်း ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ် အသင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရခိုင်ပြည်နယ် အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးကလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကလည်းကောင်း၊ အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆု ရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်ကလည်းကောင်း၊ အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ရွှေတံဆိပ် (၂)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မွန်ပြည်နယ်အသင်းကို လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းကလည်းကောင်း၊ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၁)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ကလည်းကောင်း တံခွန်စိုက်ဆုဖလားများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့အားကစားကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်းမြင့်မားလာစေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပိုက်ကျော်ခြင်းမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၁၀ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၃၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။