![]()
အာဆီယံအားကစားနေ့ ASEAN Sports Day အထိမ်းအမှတ် အားကစားလှုပ်ရှားဆောင်ရွက်မှုများအဖြစ် စုပေါင်းလမ်းလျှောက်ခြင်းများနှင့် အားကစားပြိုင်ပွဲများကျင်းပ
နေပြည်တော်၊ ဩဂုတ် ၂၂
အာဆီယံဒေသတွင်း အားကစားဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရေး၊ ကျန်းမာ၍ တက်ကြွသောလူ့ဘောင်အဖွဲ့အစည်း တည်ထောင်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်၊ အာဆီယံအားကစားနေ့ (ASEAN Sports Day) အထိမ်းအမှတ် အားကစားလှုပ်ရှားဆောင်ရွက်မှုများအဖြစ် စုပေါင်းလမ်းလျှောက်ခြင်းများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ၂၀၂၆ ခုနှစ်၊ ASEAN Sports Day အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲအား စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့သည် အာဆီယံတည်ထောင်ခြင်း (၅၉)နှစ်ပြည့်နေ့ဖြစ်ပြီး အထိမ်းအမှတ် အနေဖြင့် အာဆီယံအားကစားနေ့အဖြစ် သတ်မှတ်ရန် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMS-8)နှင့် ဒုတိယအကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများအဆင့် အစည်းအဝေး(AMMS-2)တို့မှ ဆွေးနွေးအတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အာဆီယံ အားကစားနေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ်ကစပြီး မြန်မာနိုင်ငံတွင်သာမက အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး၌ နှစ်စဉ်ကျင်းပခဲ့ပြီး ပီတန်း၊ ပိုက်ကျော်ခြင်းနှင့်နပမ်း စသည့် အားကစားနည်း(၃)နည်းကို ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်၊ Covid-19 ကာလတွင် Online မှတစ်ဆင့် ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ Youth Camp နှင့် Gold Camp တို့မှ အားကစားမောင်မယ်များဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် အားကစားကွင်းများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၌ အားကစားလှုပ်ရှားမှုများကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ရပြီး ယခုနှစ်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယခုလို စုပေါင်းလမ်းလျှောက်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ပြန်လည်စီစဉ် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၁)နိုင်ငံသည် (၂)နှစ်လျှင်တစ်ကြိမ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် အခြေစိုက်ဖွင့်လှစ်ထားရှိပြီး အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုသည့် အဓိကမဏ္ဍိုင်ကြီး (၃)ရပ်ရှိပြီး အားကစားသည် အဓိကမဏ္ဍိုင်(၃)ခုထဲမှ လူမှုရေးမဏ္ဍိုင်၏အောက်တွင် ကဏ္ဍခွဲများအနေဖြင့်ပါဝင်ကြောင်း၊ ယနေ့အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသည့် အားကစားလူငယ်မောင်/မယ်များ အနေဖြင့် နေ့စဉ်နှင့်အမျှပြုလုပ်ခဲ့သည့် လေ့ကျင့်မှုများ၊ စိတ်အခြေအနေနှင့် ပတ်ဝန်းကျင်အပြောင်းအလဲ များဖြစ်စေရန် ယနေ့အခမ်းအနားတွင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခြင်းဖြင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ် လေ့ကျင့်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်း ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးညီညီနှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ အာဆီယံအားကစားနေ့ (ASEAN Sports Day) အထိမ်းအမှတ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘောလုံးကွင်းပတ်လမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပန်းဝင်ခဲ့ကြပြီး နောက် အားကစားလှုပ်ရှားဆောင်ရွက်မှုများအဖြစ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲ(ကျား/မ မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ မီတာ ၂ဝဝ နှင့် မီတာ ၄ဝဝ လက်ဆင့်ကမ်းပြိုင်ပွဲ)များနှင့် ရိုးရာအားကစားနည်းဖြစ်သည့် လွန်ဆွဲပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲများအပြီးတွင် အားကစားပြိုင်ပွဲအသီးသီး၌ ဆုရရှိခဲ့ကြသူများကို ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြပြီးနောက် အာဆီယံနှင့်စပ်လျဉ်းသည့် ဉာဏ်စမ်းမေးခွန်းများအား မေးမြန်း၍ အဖြေမှန်သူများကို အမှတ်တရဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ အာဆီယံအားကစားနေ့ (ASEAN Sports Day) အထိမ်းအမှတ် အားကစား လှုပ်ရှားဆောင်ရွက်ခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံးမှ တာဝန်ရှိသူများနှင့် အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား စုစုပေါင်းအင်အား ၅၀၀ ဦးခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် Gold Camp မှ မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများနှင့် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်အောင် လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ပြီး မြားပစ်အားကစားနည်းဖြင့် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားရန် အားပေးစကားပြောကြားခဲ့ပြီး လေ့ကျင့်မှုတွင် ရမှတ်အများဆုံးရရှိသည့် Recurve နှင့် Compound အားကစားသမား ၂ ဦးတို့အား ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။








