![]()
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ကွင်းဆင်းစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုံးဆယ်မြို့ အားကစားကွင်းသို့ သွားရောက်၍ သုံးဆယ် မြို့အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းမြက်ခင်းများ စိမ်းလန်းစိုပြည် စေရေး၊ ဂိုးတိုင်၊ ဂိုးပိုက်များ စနစ်တကျတပ်ဆင်ထားရှိစေရေးနှင့် အားကစားကွင်းအတွင်း အားကစား လှုပ်ရှားမှုများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့သို့ သွားရောက်၍ သာယာဝတီခရိုင် အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းနှင့် အားကစားခန်းမ ကြမ်းခင်းအသစ် ပြန်လည်ခင်းကျင်းရန် ကြမ်းခင်းဟောင်းများ ခွာထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံ့စေရေး၊ အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ မိုးတွင်းကာလဖြစ်၍ ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆင်းမြောင်းများအား သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်သွားရန် လိုကြောင်း၊ အားကစားခန်းမအတွင်း ခိုငှက်များ မဝင်ရောက်နိုင်စေရန် ငှက်လုံသံဇကာများဖြင့် စနစ်တကျ ကာရံသွားရန်နှင့် လျှာထိုးကြမ်းခင်းများရေရှည်တည်တံ့စေရေးအတွက် ပုံမှန်ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် တည်ဆောက်ထားသည့် အဆောက်အဦများ၊ အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းပြုပြင်ပြီး အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရန်နှင့် တိုင်း/ခရိုင်/မြို့နယ်များတွင် အဆင့်မီ အရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံအသစ်များ ရရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ လမ်းညွှန်မှုနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိ သူများကို လိုအပ်သည်များ မှာကြားခဲ့ပြီးနောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်နှင့်အောက် မြို့နယ်ပညာရေးမှူးဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအတွက် လိုအပ်သည့် အင်အားဖြည့်အချိုရည်များနှင့် ထောက်ပံ့ငွေများကို ပေးအပ် ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ သာယာဝတီခရိုင် ဆရာစံခန်းမ၌ ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် သာယာဝတီခရိုင်/ မြို့နယ်များမှ မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်းက မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေး၊ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ် အားကစား ဆပ်ကော်မတီဝင် များနှင့် မြို့မိမြို့ဖများ လက်တွဲညီစွာ အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားရန်နှင့် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့အားကစားရေးရာဝန်ကြီးဌာနနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ရက်ပေါင်း ၁၀၀ အတွင်း Football For School အစီအစဉ်များကို Pilot Project တစ်ခုအဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဘောလုံး အားကစားနည်းအပြင် ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ကွင်းသွင်းခြင်းခတ်နှင့် အခြားသော အားကစားနည်း များကိုလည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးဉာဏ်ဇော်ဦးတို့က အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် ဖြည့်စွက်အကြံပြုတင်ပြခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အားကစား ဆပ်ကော်မတီဝင်များက တိုင်းဒေသကြီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် အသီးသီး အကြံပြုဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုက်ကြီးမြို့နယ် ဂျိုးဖြူအားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။




