အားကစားရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများနှင့် အားကစားကွင်း/အားကစားရုံများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဩဂုတ် ၁၇

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်နေမှုများနှင့် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အားကစားကွင်း/အားကစားရုံများကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အလေးမ၊ ကျွမ်းဘား၊ Teqball ၊ ကရာတေး၊ ဝူရှူး ၊ ခရစ်ကက် အားကစားကွင်း/အားကစားရုံများ၌ အားကစား နည်းများအလိုက် ပဏာမလက်ရွေးစင်အားကစားသမားများ၏ လေ့ကျင့်နေမှုအားလိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဘော်လီဘော အားကစားရုံ၌ ပဏာမလက်ရွေးစင် ဘော်လီဘော အားကစားသမားများလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ အားကစားနည်းများအလိုက် အုပ်ချုပ်သူ/နည်းပြများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိနိုင်ရေးအတွက် အားကစား အဖွဲ့ချုပ်များမှတာဝန်ရှိသူများ၊ အားကစားသမားများက ယခုကတည်းကစနစ်တကျနှင့် အားသွန် ခွန်စိုက်ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ရက်ပေါင်း ၄၀၀ ကျော်ခန့်သာ ကျန်ရှိတော့သည့်အတွက် အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို တင်ပြ ဆောင်ရွက်ပေးသွားကြရန်နှင့် လေ့ကျင့်မှု Training ပိုင်း၌ စံချိန်ယူသတ်မှတ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရန် ရေကုန်ရေခမ်းကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားနည်းအလိုက် လိုအပ်သည့် GYM Training များကို စနစ်တကျရေးဆွဲ၍ လေ့ကျင့်သွားရန်နှင့် နည်းစနစ်မှန်မှန်ဖြင့် အခြေခံနည်းစနစ်များကို သင်ကြားပြသပေးရန် ကြံ့ခိုင်နည်းပြဆရာအား တာဝန်ပေး ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့ကိုယ်တိုင် အချိန်ပြည့် အောင်နိုင်စိတ်ကို အမြဲနှလုံးသွင်းပြီး လေ့ကျင့်ရာ၌ ကြိုးကြိုးစားစားလေ့ကျင့်ကြရန်နှင့် စည်းကမ်းရှိရှိ သွားလာနေထိုင်၍ ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ မိမိပြိုင်ဘက်နိုင်ငံနှင့် မိမိပြိုင်ဘက် အသင်းအပေါ် အားနည်းချက်၊ အားသာချက်များကို ကြိုတင်သိရှိအောင် လေ့လာပြင်ဆင်ဆောင်ရွက် သွားရန်လိုကြောင်း၊ အားကစားသမားများ၏ စိတ်ဓာတ်ခွန်အားများရရှိစေရန် နေထိုင်စားသောက် ရေး၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရှိစေရေးတို့အတွက် အားကစားနည်းအလိုက် လေ့ကျင့်မှုများ၊ သတ်မှတ်စံချိန်စံညွှန်းများရရှိပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်ဆုများရရှိပြီး နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြား ခဲ့ပြီးနောက် အားကစားအဖွဲ့များ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလူငယ် အားကစားလေ့ကျင့်ရေးစခန်းရှိ ပိုက်ကျော်ခြင်းအားကစားရုံသို့ သွားရောက်၍ Kabaddi အားကစား နည်းအား စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် ကွင်းအခြေအနေလိုအပ်ချက်များကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားရုံရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် စနစ်တကျထိန်းသိမ်း စောင့်ရှောက်သွားရန်၊ အားကစားသမားများ နေထိုင်လေ့ကျင့်မှုများ အဆင်ပြေစေရန် ရေ၊ မီး၊ မိလ္လာ၊ သန့်စင်ခန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)စားရိပ်သာ၌ သင်တန်းသား/သင်တန်းသူများအား ချက်ပြုတ်ကျွေးမွေး လျက်ရှိသည့် စားဖိုဆောင်နှင့် ထမင်းစားဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစား သမားများအား သတ်မှတ်ကယ်လိုရီပမာဏအတိုင်း အာဟာရပြည့်ဝစွာ သန့်သန့်ရှင်းရှင်း ချက်ပြုတ် ကျွေးမွေးသွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။