အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများနှင့် ဝန်ကြီးဌာနကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၁၇

(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများဖြစ်သည့် ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့် ပြေးခုန်ပစ်အားကစား သမားများ၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားရေးရာ ဝန်ကြီးဌာန ကိုယ်စားပြု ပိုက်ကျော်ခြင်းအားကစားသမားများ၏ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများ၌ အားကစားနည်းအလိုက်‌ လေ့ကျင့်နေမှု များကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီနှင့်အတူ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးခန်းမ-(၃) Training Center Hall-3 ရှိ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ (Gold Camp)မှ လက်ရွေးစင်အားကစားသမားများနှင့် (Youth Camp)မှ လူငယ်အားကစားသမားများ၏ ပိုက်ကျော်ခြင်း အမျိုးသား/အမျိုးသမီး အသင်းလိုက် လေ့ကျင့်နေမှုများ၊ ကွင်းသွင်းခြင်းခတ် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို လည်းကောင်း၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားစေရေးနှင့် အောင်မြင်မှုရရှိစေရန် ရေရှည်အစီအစဉ်အဖြစ် မျိုးဆက်သစ် အားကစားသမားများစွာမွေးထုတ်ပေးနိုင်ပြီး လာမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန်အတွက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားလေ့ကျင့်ရေးခန်းမ-(၂) Training Center Hall-2 ရှိ ခြင်းလုံးလေ့ကျင့်ရေးရုံ၌ ခြင်းလုံးအားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအတွက် တစ်ကိုယ်ရေ အသုံးအဆောင်များဖြစ်သည့် (သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ရေချိုးဆပ်ပြာများ)ပေးအပ်ခဲ့ပြီးနောက် အားကစားသမားများကို မိမိ၏ သားသမီးများသဖွယ် ဂရုစိုက်စောင့်ရှောက်ပြီး အပင်ပန်းခံ၍ စေတနာ၊ ဝါသနာနှင့် အနစ်နာခံပြီး အားကစားနည်းစနစ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် နည်းပြများကို ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် ခြင်းလုံးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားလေ့ကျင့်ပေးသွားရန်နှင့် အားကစားသမား များကလည်း နည်းပြများ၏ ပြောဆိုဆုံးမမှုများကို လေးစားလိုက်နာသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် လေ့ကျင့်လျက်ရှိ သည့် ပြေးခုန်ပစ်လက်ရွေးစင်အားကစားသမားများနှင့် လူငယ်အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား‌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားကစားသမားများ စိတ်ဓာတ်ခွန်အားများရရှိစေရန်၊ ဘဝနောင်ရေး အဆင်ပြေစေရန် ဝန်ထမ်းခန့်အပ် ပေးနိုင်ရေးကိစ္စများ၊ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုများ၊ အားကစားအထောက်အကူပြုပစ္စည်းများ နှင့် အင်အားပြန်လည်ပြည့်ဝရန် အားဆေးလိုအပ်ချက်များကို အသီးသီး တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ အားကစားသမားများကလည်း နည်းပြ များ၏ သင်ကြားလေ့ကျင့်ပေးမှုများကို လိုက်နာမှတ်သားပြီး မိမိအားကစားနည်းတွင် ကျွမ်းကျင်ပိုင်နိုင် သည့် အားကစားသမားကောင်းများဖြစ်အောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားအားထုတ် လေ့ကျင့်သွားရန်လိုကြောင်း တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့ပြီး အားကစားသမားများအတွက် တစ်ကိုယ်ရေ အသုံးအဆောင်များဖြစ်သည့် (သွားတိုက်ဆေး၊ သွားတိုက်တံနှင့် ရေချိုးဆပ်ပြာများကို) ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင်များအားတွေ့ဆုံ၍ မြန်မာ့အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရေး၊ ပြေးခုန်ပစ်အားကစားအဆင့်အတန်း ပိုမို တိုးတက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများမွေးထုတ်ပေးနိုင်ပြီး နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များရရှိအောင် ရေတိုအစီအစဉ်များ၊ ရေရှည်အစီအစဉ်များကို အားကစားနည်း အလိုက် ကျွမ်းကျင်သူများနှင့် ပြန်လည်ပြင်ဆင်ရေးဆွဲပြီး အားကစားသမားများကို ပြန်လည်စုဖွဲ့၍ စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးသွားရန်နှင့် မိမိအနေဖြင့် လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့မှုကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖြစ်၍ မြန်မာ့အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းပြီး အားထုတ်ကြိုးစားပေးသွားကြရန် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။