အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း ပထမတံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိ

နေပြည်တော်၊ ဩဂုတ် ၁၄

ဝန်ကြီးဌာနအဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရေး၊ မြန်မာ့ဖူဆယ် အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး၊ ဖူဆယ်အားကစားနည်း ပိုမိုထွန်းကားပြန့်ပွားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီတို့ ပူးပေါင်း ကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တပ်မတော်မှ အရာရှိကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ပြိုင်ပွဲကျင်းပရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး နှင့်တာဝန်ရှိသူများ၊ ဖူဆယ်နှင့် သဲသောင်ပြင်ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တစ်ခဲနက် တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ပွဲကစားချိန် ၆ မိနစ် ၃၇ စက္ကန့်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၇) ငြိမ်းမင်းစိုးက ပထမဦးဆောင်ဂိုးကိုလည်းကောင်း၊ ပွဲကစားချိန် ၁၁ မိနစ် ၄၅ စက္ကန့်တွင် ကျောနံပါတ်(၇) ထွန်းအောင်ကျော်က ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအတွက် ပထမဦးဆုံး ချေပဂိုးကို သွင်းယူ ပေးခဲ့ပြီးနောက် ပွဲကစားချိန် ၁၇ မိနစ် ၂၄ စက္ကန့်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၁) ထွဋ်ဝေထွန်းက ဒုတိယဂိုးကိုလည်းကောင်း၊ ပထမပိုင်းပွဲပြီးရန် ၁ မိနစ် ၄၀ စက္ကန့်အလိုတွင် ကျောနံပါတ်(၁၁)နိုင်ထွန်းလူက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအတွက် ဒုတိယချေပဂိုးကို လည်းကောင်း ထပ်မံသွင်းယူပေးခဲ့သည်။

ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့်အတွက် နှစ်သင်းစလုံး အကြိတ်အနယ် အနိုင်ဂိုးများ အပြန်အလှန် သွင်းယူခဲ့ကြရာ ဒုတိယပိုင်းပွဲပြီးဆုံးချိန်တွင် နှစ်သင်းစလုံး တစ်ဖက် (၃)ဂိုးစီ သရေရလဒ်ဖြစ်နေသည့် အတွက် အချိန်ပို (၅)မိနစ် (၂)ပိုင်း ထပ်မံယှဉ်ပြိုင်ကစားခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အကောင်းဆုံး ဂိုးသမားဆု ရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၂) မင်းခန့်အောင်အား ဆုဖလား(Trophy)နှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် ၂ သိန်းကို အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီး ဌာနအသင်းမှ ကျောနံပါတ်(၁၁) နိုင်ထွန်းလူအား ဆုဖလား(Trophy)နှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် ၂ သိန်း ကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်ကလည်းကောင်း၊ အသန့်ရှင်းဆုံးအသင်းဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းအား ဆုဖလား (Trophy) နှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် ၅ သိန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် ကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် ၁၅ သိန်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြု ဆုကြေးငွေ ကျပ် ၁၅ သိန်းကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ် သိန်း ၅၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကလည်းကောင်း၊ ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း ၁၀၀ နှင့် အမျိုးသားတံခွန်စိုက်ဆုဖလားတို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် အညီ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် Mass Sports မှ Excellent Sports အဆင့်ထိ ရောက်ရှိစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ် အားကစားရုံ၌ ပြိုင်ပွဲကာလ ၁၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၂၅ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမားအင်အား ၄၄၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။