အားကစားရေးရာဝန်ကြီးဌာန

Loading

အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဩဂုတ် ၁၃

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ဆုနှင့် ငွေတံဆိပ်ဆု(၃)ဆု ဆွတ်ခူးပေးနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့ ညနေ (၆)နာရီအချိန်တွင် Park Royal Yangon ရှိ Grand Ballroom ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်နှင့် ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မိတ်ဖက်ကုမ္ပဏီများ၊ အနုပညာရှင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်အားပေးခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဌ ဦးရဲဝင့်ထွဋ်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲအတွက်ကူညီထောက်ပံ့ပေးခဲ့သော အဖွဲ့အစည်းများမှလည်း ဂုဏ်ပြုအားပေးစကားများပြောကြား၍ အောင်ပွဲရ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုစုပေါင်းဂုဏ်ပြုဆုငွေ သိန်း(၅၂၀)ခန့် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။