![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ ဩဂုတ် ၁၂
အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၄)ထပ်အိပ်ဆောင် စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်၊ မြန်မာနိုင်ငံမွေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ကြသည်။
ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ရိုးရာလက်ဝှေ့အားကစားနည်းကို ပြည်သူများ စိတ်ဝင်စားမှုရှိလာ စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြသည့် ရိုးရာလက်ဝှေ့ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် ရိုးရာလက်ဝှေ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ၊ ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖွဲ့ချုပ်မှလည်း အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများကလည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ အုပ်ချုပ်သူများနှင့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းစွာဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးဦးသိန်းသန်းနိုင်က ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကျား (၁၃)သင်း၊ မ(၈)သင်း၊ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား စုစုပေါင်း (၃၀၁)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ် ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် ယခုကျင်းပမည့် ပြိုင်ပွဲအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများအား ကြိုတင်ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့် မကိုက်ညီသော အားကစားသမားများအား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲ စ လယ် ဆုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံမွေအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်းရေးမှူးတို့က ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်း/စည်းကမ်းများ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားပြီးနောက် ဆေးဘက်ဆိုင်ရာဌာနခွဲ၊ လူထု/ပညာဌာနခွဲ၊ ကွင်း/ ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့်စားရိပ်သာတို့မှ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

