![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ Women and Sports Committee၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နှင့် ဂျပန်နိုင်ငံ Seijo University တို့ ပူးပေါင်းပြုလုပ်သည့် ASEAN- Japan Actions on Gender Equality in Sports ဆိုင်ရာ သုတေသနစစ်တမ်းကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဩဂုတ် ၁၁
အားကစားနှင့်သက်ဆိုင်သော အခန်းကဏ္ဍများတွင် အမျိုးသမီးများပါဝင်လှုပ်ရှား ဆောင်ရွက် နိုင်မှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ Women and Sports Committee၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နှင့် ဂျပန်နိုင်ငံ Seijo University တို့ ပူးပေါင်းပြုလုပ်သည့် ASEAN- Japan Actions on Gender Equality in Sports ဆိုင်ရာ သုတေသနစစ်တမ်းကောက်ယူခြင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ Women and Sports Committee ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးက နှုတ်ခွန်းဆက်အမှာစကားပြောကြား ရာတွင် ကုလသမဂ္ဂ၏ Sustainable Development Goals (SDGs) များအနက် ကျား-မ တန်းတူညီမျှရေးဆိုင်ရာဆောင်ရွက်ကြရန်အတွက် SDG 5 Gender Equality အဖြစ် သတ်မှတ်ကာ နယ်ပယ်ကဏ္ဍအသီးသီးမှာ ဖော်ဆောင်နိုင်စေရေးကို ကြိုးပမ်းဆောင်ရွက်ကြလျက်ရှိပါကြောင်း၊ အားကစားနှင့်သက်ဆိုင်သည့် နယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍများ ပိုမိုမြှင့်တင်နိုင်စေရေး၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင်လည်း အမျိုးသမီးများအနေဖြင့် အရေးပါသောအခန်းကဏ္ဍများမှာ ဆောင်ရွက်နိုင်ကြစေရေးတို့အတွက် Gender Equality ခေါင်းစဉ်အောက်တွင် အားကစားသမား၊ နည်းပြ၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု ခေါင်းစဉ်များခွဲ၍ ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ASEAN- Japan Actions on Sports, Gender Equality အစီအစဉ်ဖြင့် ဆောင်ရွက်ကြမည့် သုတေသနလုပ်ငန်းများတွင် အာဆီယံဒေသတွင်းနိုင်ငံများမှ အားကစားနယ်ပယ်ကဏ္ဍအသီးသီး၌ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် အမျိုးသမီးများ၏ ကြုံတွေ့ရလေ့ရှိသည့် အခက်အခဲများကို သိရှိနားလည်ခြင်းဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းပတ်ဝန်းကျင် ဖော်ဆောင်နိုင်စေရေး၊ အမျိုးသမီးများ၏ အခန်းကဏ္ဍများ ပိုမိုတိုးတက် မြှင့်တင်နိုင်စေရေးတို့အတွက် ဆွေးနွေးမှုရလဒ်များအပေါ်အခြေခံကာ ဆွေးနွေးအကြံပြုဆောင်ရွက်နိုင် ကြစေရေး ရည်ရွယ်ဆောင်ရွက်သည့် သုတေသနလုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ပါဝင်ဆွေးနွေးပေးမည့်သူများကလည်း မြန်မာနိုင်ငံ၏အားကစားနယ်ပယ်အသီးသီးတွင် အမျိုးသမီး များ၏ အခန်းကဏ္ဍပိုမိုတိုးတက်မြှင့်တင်နိုင်စေရေးအတွက် အတွေ့အကြုံ၊ ဗဟုသုတများအပေါ် အခြေခံကာ အကောင်းဆုံး ဆွေးနွေးအကြံပြုမှုများ ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဂျပန်နိုင်ငံ Seijo University,International Research Centre for Sports and Gender Equality မှ Dr. Aya Noguchi က သုတေသနဆိုင်ရာကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အမျိုးသမီး အားကစားသမား များ၊ နည်းပြများ၊ NGO အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများ၊ အိုလံပစ်ကော်မတီ အဖွဲ့ဝင်များ နှင့် အားကစားလှုပ်ရှားမှုများတွင်ပါဝင်နေကြသော တက္ကသိုလ်ကျောင်းသူများက နေ့အလိုက်၊ အဖွဲ့အလိုက် အားကစားဆိုင်ရာနယ်ပယ်အသီးသီးမှ အမျိုးသမီးများပါဝင်မှုနှင့် စပ်လျဉ်းသော အကြောင်းအရာများကို အဓိကထားဆွေးနွေးကြပြီး အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ယုံကြည်မှုများ တိုးတက်စေရေးနှင့် အားကစားနယ်ပယ် ကဏ္ဍအသီးသီး၌ Decision Making Level များတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးတို့အတွက် အကြံပြုဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


