အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်း မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မြိတ်မြို့နယ် မြို့မိမြို့ဖများ၊ အားကစားဆပ်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် စည်ပင် သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် မြိတ်မြို့နယ် မြို့မိမြို့ဖများ၊ အားကစား ဆပ်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းအခမ်းအနားကို မြိတ်ခရိုင်ဧည့်ရိပ်သာ၌ ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေး၊ တိုင်းဒေသကြီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် မိမိတို့ဝန်ကြီး ဌာနနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ် အားကစားဆပ်ကော်မတီဝင်များနှင့် မြို့မိမြို့ဖများ လက်တွဲညီစွာ အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားရန်နှင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့အားကစားရေးရာဝန်ကြီးဌာနနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ရက်ပေါင်း ၁၀၀ အတွင်း Football For School အစီအစဉ်များကို Pilot Project တစ်ခုအဖြစ် တိုင်ဒေသကြီးနှင့်ပြည်နယ်များတွင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သလို ဘောလုံးအားကစားနည်းအပြင် အခြားသောအားကစားနည်းများကိုလည်း သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားရန် တိုက်တွန်း အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးဉာဏ်ဇော်ဦးတို့က အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေး အတွက် အသီးသီး ဆွေနွေးတင်ပြခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အားကစားဆပ်ကော်မတီဝင်များက တိုင်းဒေသကြီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရေးတို့အတွက် အသီးသီး အကြံပြုဆွေးနွေး တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့မိမြို့ဖများနှင့် အားကစားဆပ်ကော်မတီများထံသို့ အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နောက် မြိတ်ခရိုင်/မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်မြို့နယ် မြို့မိမြို့ဖများ ဖြစ်သည့် ပြည့်ဖြိုးထွန်း ကုမ္ပဏီလီမိတက်မှ ဦးလှသန်းက ငွေကျပ် သိန်း ၁၀၀၀ နှင့် ကျော်နေစိုး ကုမ္ပဏီ လီမိတက်မှ ဦးနေဝင်းစိုးက ငွေကျပ် သိန်း ၃၀၀ တို့ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လက်ခံရယူခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော် ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများလိုက်ပါလျက် မြိတ်မြို့နယ် ရေပုန်းဘောလုံးကွင်းသို့ သွားရောက်၍ မြိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်မှ အပတ်စဉ် ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည့် ဘောလုံးသင်တန်းသားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား အားပေးစကားပြောကြား၍ ဘောလုံးသင်တန်းတွင် နည်းစနစ်များ သင်ကြားပို့ချပေးလျက်ရှိသည့် နည်းပြများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးနောက် အားကစားကွင်း စိမ်းလန်းစိုပြည်စေရေး၊ ကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ရေနုတ်မြောင်း များနှင့် ရေဆင်းမြောင်းများကို သန့်ရှင်းဆောင်ရွက်သွားရန်၊ ဂိုးတိုင်၊ ဂိုးပိုက်များကို စနစ်တကျ တပ်ဆင်ထားရှိရန်နှင့် ရာသီမရွေး အားကစားသမားများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးအတွက် လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးသွား ရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် များအား တွေ့ဆုံ၍ တိုင်းဒေသကြီးကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင် စေရေး၊ တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစား ပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး၊ နွေရာသီအခြေခံအားကစားသင်တန်းများနှင့် အဆင့်မြင့်အားကစား သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ အဆင့်အတန်းမီ အားကစားကွင်း/အားကစားရုံများ တည်ဆောက် ပေးနိုင်စေရေးနှင့် တည်ဆောက်ထားပြီး နှစ်ကာလကြာမြင့်သည့် အားကစားကွင်း/အားကစားရုံများအား အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်စေရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် ပြည်ထောင်စု ဝန်ကြီးက ညှိနှိုင်းဆွေးနွေးချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြိတ်ခရိုင်/ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။