![]()
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်၊ အားကစားကွင်းပတ်လည် ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ဌာနဆိုင်ရာများမှတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၂၀ ပေ x ၁၁၀ ပေရှိ မြိတ်ခရိုင် မိုးလုံလေလုံ အားကစားခန်းမသို့ သွားရောက်၍ မြိတ်မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် မြိတ်မြို့ မြန်မာရိုးရာခြင်းလုံးအဖွဲ့ စတုတ္ထအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ရိုးရာခြင်းအလှခတ်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ခြင်းလုံးအားကစားအဖွဲ့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မှာကြားခဲ့ပြီး ခြင်းလုံးအားကစားအဖွဲ့အား ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် လာမည့်အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ရိုးရာလက်ဝှေ့အားကစားအဖွဲ့များအား တွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်၍ အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင် မြို့မအားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းပတ်လည် ပွဲကြည့်စင်နှင့် ဘောလုံးကွင်းအဆင့်မြှင့်တင် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူ များနှင့်အတူ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေတွင် ငွေကျပ် ၆၉၁၂.၀၀၀ သန်း ထည့်သွင်းလျာထားခဲ့ပြီး မြိတ်မြို့ အားကစားကွင်းအသစ် ဆောက်လုပ်ရန် လျာထားသည့် မြေဧရိယာ ၁၀.၀၆၈ ဧကပေါ်တွင် ဘောလုံးကွင်း ၁ ကွင်းနှင့် ပတ်လည်ပွဲကြည့်စင်ပါ ပရိသတ် ၄၀၀၀ ဆံ့ ပွဲကြည့်စင်တည်ဆောက်ရန်အတွက် ပထမအဆင့်အနေဖြင့် မြေနေရာ ရှင်းလင်းခြင်း၊ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ငါးရိုးရေစိမ့်မြောင်းပါ ဘောလုံးကွင်းတည်ဆောက်ခြင်းနှင့်မြက်စိုက်ခြင်း၊ Inner Fencing အတွင်း ခြံစည်းရိုးကာရံခြင်း၊ အတွင်း/အပြင် ရေနုတ်မြောင်းများပြုလုပ်ခြင်း၊ အုတ်တံတိုင်း အလျား ၂၈၂၈ ပေ x အမြင့် ၇ ပေ ကာရံခြင်းနှင့် ဂိတ်တံခါး ၄ ပေါက်ပြုလုပ်ခြင်း၊ ဂါလံ ၈၀၀၀၀ ဆံ့ Ground Tank တည်ဆောက်ခြင်း၊ ဂါလံ ၁၆၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ဘောလုံးကွင်းရေဖြန်းစနစ်ပြုလုပ်ခြင်း၊
၆ လက်မ အဝီစိတွင်းတူးဖော်ခြင်းနှင့် 50 KW On Grid Solar system တပ်ဆင်ခြင်းလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း မြက်ခင်းများစိမ်းလန်းစိုပြည်စေရေး၊ ရေလုံလောက်စွာရရှိစေရေးအတွက် ရေလိုင်း၊ မီးလိုင်းစနစ်များ ကောင်းမွန်စေရေး၊ အားကစားကွင်းရေရှည်တည်တံ့စေရေး၊ အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် စနစ်တကျ တာဝန်ပေးအပ်၍ ပုံမှန်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိတ်မြို့ (DUNLOP TENNIS CLUB) တင်းနစ် အားကစားကွင်းသို့ သွားရောက်၍ တင်းနစ်အားကစားအဖွဲ့အား တွေ့ဆုံခဲ့ပြီးနောက် သဟာယ ကြက်တောင်အားကစားရုံသို့ သွားရောက်၍ ကြက်တောင်အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားကွင်းအင်္ဂါရပ်နှင့် လျော်ညီအောင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အားကစားကွင်းပတ်လည် ခြုံနွယ်များရှင်းလင်းဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နွေရာသီအခြေခံအားကစားသင်တန်း များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ ဖွင့်လှစ်သင်ကြားပေးသွားရန်နှင့် အားကစားကွင်း/ အားကစားရုံများတွင် အားကစားလှုပ်ရှားမှုများနှင့် ကင်းကွာသည့် နေ့ရက်များမရှိစေဘဲ ပြည်သူများ စိတ်အပန်းဖြေအောင် လမ်းလျှောက်ခြင်းများနှင့် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုများကို ပြုလုပ်နိုင်စေရေးအတွက် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။




