![]()
အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆို သင်္ဃန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဩဂုတ် ၄
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်ဇနီး ဒေါ်ဝါဝါမြင့်အား အမှူးထား၍ အားကစားရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ဃန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းမိသားစုဝင်များက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဥယျာဉ်စု သိမ်ကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ် တရားတော်များကို နာယူခဲ့ကြသည်။
ဆက်လက်ပြီး ပဓါနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ မဟာထေရ်မြတ်ကြီးနှင့် ဆရာတော်ကြီးများကို ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်ဇနီး၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ဝန်ထမ်းမိသားစုဝင်များက ဝါဆိုသင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ပျဉ်းမနားမြို့၊ မြို့မဈေးကုန်းကျောင်းတိုက် အဘိဓမ္မာသင်တန်းနည်းပြဆရာတော် ဦးဝေပုလ္လထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီးနောက် အရာထမ်း/အမှုထမ်း ဝန်ထမ်းမိသားစုဝင်များက ဆရာတော်ကြီးများအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။




