![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၃
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)အုပ်စုပတ်လည်ပွဲစဉ်တွင် သာသနာရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၆)ဂိုး၊ (၅)ဂိုးဖြင့်လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၁၇)ဂိုး၊ ဂိုးမရှိဖြင့်လည်း ကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်း ကို (၁၅)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်းကို (၁၇)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းက အလုပ်သမားဝန်ကြီးဌာနအသင်းကို (၆)ဂိုး၊ (၃)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ဟိုတယ်ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာဝန်ကြီးဌာနအသင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ တရားလွှတ်တော်ချုပ်ရုံးအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း၊ သာသနာရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


