![]()
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်မည့် တိုက်ကွမ်ဒိုနည်းပြသင်တန်း(အဆင့်-၁) ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဩဂုတ် ၃
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် တိုက်ကွမ်ဒိုနည်းပြသင်တန်း(အဆင့်-၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမြဟန်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် ကမ္ဘာ့တိုက်ကွမ်ဒို ကကွက်ဒိုင်ဥက္ကဋ္ဌ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ပရော်ဖက်ဆာ Jun Cheol Yoon နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အစီအစဉ်အရ သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုခဲ့ပြီး နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အိုလံပစ်သွေးစည်းညီညွတ်ရေးအစီအစဉ် သည် အဖွဲ့ဝင်နိုင်ငံများ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ အားကစားသမားနှင့်နည်းပြများ၏ အရည်အသွေးမြှင့်တင်ရေးကို အဓိကပံ့ပိုးပေးနေသည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းသည် အိုလံပစ်အားကစားနည်းတစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ လျင်မြန်မှု၊ ဟန်ချက်ညီမှု၊ စည်းကမ်းလိုက်နာမှု၊ လေးစားမှု၊ ဇွဲလုံ့လရှိမှုများရှိလာစေရန်သာမက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိစေရန်အတွက် လေ့ကျင့်ပေးနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းသည် ကိုရီးယားလူမျိုးများ၏ ကိုယ်ခံပညာအားကစားနည်းတစ်ရပ်ဖြစ်ပြီး ၁၉၈၈ ခုနှစ် ဝန်းကျင်ကတည်းက မြန်မာနိုင်ငံကို စတင်ရောက်ရှိလာခဲ့ပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းအနေဖြင့် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်က ကျင်းပပြုလုပ်သည့် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲများနှင့် ၁၉၈၉ ခုနှစ်၊ (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှစ၍ ၂၀၂၅ ခုနှစ် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိ ရွှေတံဆိပ်(၉၅)ခု၊ ငွေတံဆိပ်(၈၉)ခု၊ ကြေးတံဆိပ်(၂၁၅)ခုတို့ကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်ကို မှတ်တမ်းများအရ တွေ့ရှိခဲ့ရပါကြောင်း၊ ယခုလိုအောင်မြင်မှုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်စေရန်နှင့် ၂၀၂၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံတကာပြိုင်ပွဲများ၊ သက်တမ်းအလိုက်ပြိုင်ပွဲများနှင့် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် အောင်မြင်မှုရရှိစေရန် နည်းပြများ၏အခန်းကဏ္ဍသည် အရေးကြီးသည့်နေရာတွင် ပါဝင်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များရရှိစေရန် အားကစားသမားများသာမက အရည်အသွေးမြင့်ပြီး နည်းစနစ် ကျွမ်းကျင်သည့် နည်းပြကောင်းများ မွေးထုတ်ပေးနိုင်ရန် လွန်စွာအရေးကြီးပါကြောင်း၊ နည်းပြတစ်ဦး၏ တာဝန်သည် အနိုင်ရရှိအောင် လေ့ကျင့်ပေးခြင်းတစ်ခုတည်းမဟုတ်ဘဲ အားကစားသမားတစ်ယောက်၏ အခြေခံနည်းစနစ်ပိုင်း၊ စည်းကမ်း၊ ယုံကြည်မှုနှင့် ကောင်းမွန်သည့်စိတ်ဓာတ်များ ထားရှိတတ်အောင် စနစ်တကျ ပြုစုပျိုးထောင်ပေးရခြင်းဖြစ်ပါကြောင်း၊ အခြေခံနည်းစနစ်မှန်ကန်မှုသည် အောင်မြင်မှု၏ အခြေခံအုတ်မြစ်ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း များစွာလျှော့ချပေးနိုင်ပါကြောင်း၊ ယခုဖွင့်လှစ် သည့် နည်းပြသင်တန်းသည် ခေတ်မီအားကစားသိပ္ပံ၊ လေ့ကျင့်ရေးနည်းစနစ်အသစ်များ၊ အားကစားသမားစွမ်းဆောင်ရည် မြှင့်တင်ရေးနည်းလမ်းများနှင့် ၂၁ ရာစုနည်းပြစွမ်းရည်များကို လေ့လာဆည်းပူးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတို့အနေဖြင့် နည်းပြများအတွက် နည်းပြသင်တန်း၊ ဒိုင်သင်တန်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနိုင်စေရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံး ချိန်တွင် မိမိနေရပ်ဒေသများ၊ တိုက်ကွမ်ဒိုအားကစားကလပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် များနှင့် ဝန်ကြီးဌာနများသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းတွင်ရရှိခဲ့သည့် အသိပညာ၊ အတွေ့အကြုံနှင့် နည်းစနစ်အသစ်များကို အချင်းချင်းပြန်လည်မျှဝေပေးပြီး တိုက်ကွမ်ဒိုအားကစား အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက် ပေးသွားကြရန်လိုကြောင်း၊ သင်ကြားပို့ချပေးမည့် စာတွေ့လက်တွေ့သင်ခန်းစာများကို သေသေ ချာချာ လေးလေးနက်နက် လေ့လာသင်ယူသွားရန်နှင့် နည်းစနစ်များကို အားကစားသမားများအား လက်တွေ့အသုံးချပြီး သင်ကြားလေ့ကျင့်ပေးသွားရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် ကမ္ဘာ့တိုက်ကွမ်ဒို ကကွက်ဒိုင် ဥက္ကဋ္ဌ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ပရော်ဖက်ဆာ Jun Cheol Yoon က မိမိအနေဖြင့် ၁၉၈၆ ခုနှစ်တွင် တိုက်ကွမ်ဒိုအားကစားနည်းအား သရုပ်ပြသရန် မြန်မာနိုင်ငံသို့ ပထမအကြိမ်လာရောက်ခဲ့ပြီး ယခုသင်တန်းတွင် တိုက်ကွမ်ဒိုနည်းစနစ်များ သင်ကြားပို့ချပေးရန် ဒုတိယအကြိမ်အဖြစ် လာရောက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ လာမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အထောက်အကူ ဖြစ်စေရန် တိုက်ကွမ်ဒိုကကွက် အားကစားနည်းနှင့်ပတ်သက်ပြီး အဓိက ဦးစားပေး၍ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ကိုရီးယားအားကစားသမားများအား လေ့ကျင့်ပေးလျက်ရှိသည့် နည်းစနစ်များနှင့် လေ့ကျင့်မှုပုံစံများအတိုင်း Special Programme များ စနစ်တကျရေးဆွဲ၍ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။
အဆိုပါ တိုက်ကွမ်ဒိုနည်းပြသင်တန်း(အဆင့်-၁)တွင် သင်တန်းနည်းပြဆရာအဖြစ် ကမ္ဘာ့တိုက်ကွမ်ဒို အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် ကမ္ဘာ့တိုက်ကွမ်ဒို ကကွက်ဒိုင်ဥက္ကဋ္ဌ အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ပရော်ဖက်ဆာ Jun Cheol Yoon က သင်တန်းသား ၂၅ ဦး၊ သင်တန်းသူ ၁၃ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ နေပြည်တော်၊ အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ သင်တန်းကာလ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။




