အားကစားရေးရာဝန်ကြီးဌာန

Loading

နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်နှင့် စနူကာ အားကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန် ၊ ဩဂုတ် ၁

၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခုနှင့်ကြေးတံဆိပ် သုံးခု ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက် နှင့် စနူကာ အားကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင်များ နှင့်၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လအတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ကျင်းပခဲ့သည့်2026 Heyball Masters Tour ပြိုင်ပွဲတွင် 1st Runner-up (ဒုတိယဆု)ရရှိခဲ့သည့်မောင်ဘုန်းမြင့်ကျော် (ခ) အားတီ တို့အားဂုဏ်ပြုဆုငွေများ ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၁၁နာရီခွဲကရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ပင်လုံလမ်း၊ မဝတလမ်းဆုံအနီးရှိ GOLDEN PARK Hotel (Ruby Hall)၌ကျင်းပသည့်အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးအောင်နိုင်သူ၊တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊တိုင်းဒေသကြီး၀န်ကြီးများ၊အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြား‌ရေးမှူးများနှင့်တာ၀န်ရှိသူများ၊မြန်မာနိုင်ငံဘိလိယက် နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခန့်ကျော် ၊ ဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များ၊ဘိလိယက် နှင့် စနူကာ အားကစားသမားများ၊ အုပ်ချုပ်၊နည်းပြအဖွဲ့ဝင်များတက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီး၀န်ကြီးချုပ်ကအမှာစကားပြောကြားပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ဘိလိယက်အသင်းလိုက် ရွှေတံဆိပ်ဆုရဦးပေါက်စ၊ ကိုအောင်ဌေးနှင့် ကိုနေသွေးဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၃၀၀) တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် 2026 Heyball Masters Tourပြိုင်ပွဲတွင် 1st Runner-up ဆုရ မောင်ဘုန်းမြင့်ကျော်အားဂုဏ်ပြုချီးမြှင့်‌ ငွေကျပ်သိန်း (၁၀၀) ချီးမြင့်ခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦး‌‌ကျော်ကျော်စိုးက (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်ဘိလိယက်တစ်ဦးချင်း ငွေတံဆိပ်ဆုရဦးပေါက်စအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၂၀၀) ၊ စနူကာတစ်ဦးချင်း ကြေးတံဆိပ်ဆုရမောင်ဘုန်းမြင့်ကျော်အားဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၁၀၀) နှင့် စနူကာ 6-Red တစ်ဦးချင်း ကြေးတံဆိပ်ဆုရမောင်နေမင်းထွန်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၁၀၀) တို့ကိုချီးမြှင့်၍လည်းကောင်း ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်က စနူကာအသင်းလိုက် ကြေးတံဆိပ်ဆုရမောင်ဘုန်းမြင့်ကျော်၊ မောင်ဝင်းကိုကိုနှင့် မောင်ကျော်ဝေယံစိုးတို့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၁၀၀) သိန်းနှင့် အုပ်ချုပ်/နည်းပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၁၀၀) တို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ဆုရအားကစားသမားများကိုယ်စား အားကစားသမား‌ မောင်ဘုန်းမြင့်ကျော်က ကျေးဇူးတင်စကားပြောကြား၍ အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရှိရသည်။