အားကစားရေးရာဝန်ကြီးဌာန

Loading

Heyball Masters Tour ပြိုင်ပွဲ 1st Runner-up ဆုရ ဘုန်းမြင့်ကျော်

ရန်ကုန် ၊ ဇူလိုင် ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Henan ပြည်နယ်၊ Zhenzhou မြို့၌ ဇူလိုင် ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပခဲ့သော 2026 Heyball Masters Tour ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် အားကစားသမား ဘုန်းမြင့်ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 1st Runner-up (ဒုတိယ) ဆု ရရှိခဲ့သည်။

2026 Heyball Masters Tour ပြိုင်ပွဲမှာ Heyball အားကစားနယ်ပယ်တွင် အရေးပါသည့် နိုင်ငံတကာပြိုင်ပွဲတစ်ခုဖြစ်ရာ ဘုန်းမြင့်ကျော်သည် Qualifying မှ ဗိုလ်လုပွဲအထိ အဆင့်အသီးသီးတို့တွင် SEA Games ပြိုင်ဘက် ဖိလစ်ပိုင်၊ အခြား ကမ္ဘာ့နိုင်ငံများဖြစ်ကြသည့် UK ၊ အိန္ဒိယ၊ ကိုရီးယားနှင့် အိမ်ရှင် တရုတ် စသည့်နိုင်ငံများမှ နာမည်ကျော် အားကစားသမားများအား အနိုင် ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် အိမ်ရှင်တရုတ် အားကစားသမားနှင့် အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ရာ 1st Runner-up (ဒုတိယ) ဆု ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်တရုတ်နိုင်ငံ မှ အားကစားသမား ၈ ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ တရုတ်နိုင်ငံ ၊ ဒုတိယ မြန်မာနိုင်ငံနှင့် ပူးတွဲတတိယ တရုတ်နိုင်ငံတို့ ရရှိခဲ့ကြသည်။

ယင်းသို့ အရေးပါသည့် နိုင်ငံတကာပြိုင်ပွဲတစ်ခုတွင် 1st Runner-up (ဒုတိယ) ဆု ရရှိခဲ့သည့် ဘုန်းမြင့်ကျော်သည် ယမန်နေ့ ည ၂၂:၃၅ နာရီအချိန်တွင် လေယာဉ်ခရီးစဉ် UB018 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရာ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် ညွှန်ကြား‌ရေးမှူးများ ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ခန့်ကျော် ၊ ဒုတိယဥက္ကဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှသင်တန်းသား/သင်တန်းသူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုကြကြောင်းသိရှိရသည်။