![]()
အောင်ဆန်းအားကစားကွင်းအတွင်းရှိအဆောက်အဦဟောင်းများ လေလံတင်ရောင်းချရေးအတွက် အိတ်ပိတ်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းနှင့် (၃၄)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် စခန်းသွင်းလေ့ကျင့်နေသော အလေးမနှင့်ဝူရှူးအားကစားအဖွဲ့များအားသွားရောက်ကြည့်ရှုစစ်ဆေး
ရန်ကုန် ၊ ဇူလိုင် ၂၀
အောင်ဆန်းအားကစားကွင်းအတွင်းရှိ အဆောက်အဦဟောင်းများ လေလံတင်ရောင်းချရေး အတွက် အိတ်ပိတ်တင်ဒါဖွင့်ဖောက်စစ်ဆေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ သည်။
ဦးစွာ လေလံတင်ရောင်းချရေးအဖွဲ့ ဥက္ကဋ္ဌ၊အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းဆောင်ရွက်ရန် လာရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများမှ Lot အလိုက် အိတ်ပိတ်တင်ဒါတင်သွင်းလာသည့် တင်ဒါလျှောက်လွှာများအား စည်းမျဉ်း/ စည်းကမ်းများအတိုင်း စနစ်တကျဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိဆိုင်ခန်းများကိုတစ်လအတွင်းဖျက်သိမ်းသွားရန် ဆိုင်ပိုင်ရှင်များကိုကြိုတင် အကြောင်းကြား ထားပြီးဖြစ်ပါကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပြီးဖျက်သိမ်းရန်ကျန်ရှိနေသော ဆိုင်ခန်းများအား Lot အလိုက် တင်ဒါအောင်မြင်သူများက ပိုင်ဆိုင်ခွင့်ရရှိသွားမည်ဖြစ်ပါကြောင်း၊ တင်ဒါအောင်မြင်ပြီး ပါက လုပ်ငန်းဆောင်ရွက်ရာတွင် မိမိပိုင် နယ်နမိတ်များကို သပ်ရပ်စွာကာရံ၍ စနစ်တကျလုပ်ကိုင် ဆောင်ရွက်သွားစေလို ကြောင်းမှာကြားခဲ့သည်။
ဆက်လက်၍ စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက တင်ဒါ တင်သွင်းခဲ့သည့် ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ စာအိတ် A အား စာရွက်စာတမ်းများနှင့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိ ဖွင့်ဖောက် စစ်ဆေးခဲ့ပြီးနောက် တင်ဒါတင်သွင်းလာသည့် ကုမ္ပဏီများ၏ စျေးနှုန်းအဆိုပြုလွှာ စာအိတ် B အား ဖွင့်ဖောက်စစ်ဆေးခဲ့ပြီး Lot အလိုက် တင်ဒါအောင်မြင်ခဲ့သူများကို အတည်ပြုကြော်ငြာခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဉာဏ်ဇော်ဦးက တင်ဒါအောင်မြင်သည့် ကုမ္ပဏီအားလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး၊ အဆောက်အဦ ဖျက်သိမ်းရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များရှိပါက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်ဒုတိယဝန်ကြီးက လုပ်ငန်းများစတင်ဆောင်ရွက်ရာတွင် လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း၍ဆောင်ရွက်သွား စေလိုကြောင်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီ များကိုရယူပြီး ပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း ထပ်မံဖြည့်စွက်မှာကြားခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၇ ခုနှစ်၊ မလေးရှားနိုင်ငံတွင်အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၄)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် တာမွေမြို့နယ် ၊ ကျိုက္ကဆံအားကစားကွင်းအတွင်း၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမ လက်ရွေးစင်အလေးမအားကစားသမားများနှင့် ဝူရှူး အားကစားသမားများ၏ လေ့ကျင့်နေမှုများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု ရှိစေရေးအတွက် လေ့ကျင့်မှုများ၊ သတ်မှတ်စံချိန်စံညွှန်းများပြည့်မီအောင် ကြိုးစားပြီး ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ် များရရှိရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍အသေးစိတ်မှာကြားခဲ့ပြီးနောက် အားကစားသမားများ၏ တင်ပြချက်များနှင့်လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။




