အားကစားရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း နေပြည်တော် လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် ၁၃

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)မှ ပြေးခုန်ပစ်အားကစားသမားများ၏ (Event)အမျိုးအစားအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်အားပေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ လေ့ကျင့် လျက်ရှိသည့် (Youth Camp)ပြေးခုန်ပစ်အားကစားနည်းမှ(အပြေး၊ လမ်းလျှောက်နှင့် အခုန်) အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အထောက်အကူပြုစေရန် လေ့ကျင့်ခန်းပြုလုပ် နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံ၍ အားကစားသမားများ အင်အားပြည့်ဝစွာ လေ့ကျင့်နိုင်ရန်အတွက် အာဟာရပြည့်ဝပြီး သတ်မှတ်ထားသည့် ကယ်လိုရီပမာဏအတိုင်း အားအင်များပြန်လည်ပြည့်ဝအောင် ချက်ပြုတ်ကျွေးမွေး ပေးလျက်ရှိကြောင်း၊ နေထိုင်စားသောက်မှုများတွင် အခက်အခဲများရှိပါက မိမိတို့ကိုယ်တိုင်သာမက အုပ်ချုပ်သူ/နည်းပြများမှတစ်ဆင့် အချိန်မရွေး သတင်းပို့တင်ပြနိုင်ကြောင်း၊ လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ အားကစားသမားများအနေဖြင့် မြန်မာ့ အားကစားအဆင့်အတန်း မနိမ့်ကျစေရန်နှင့် စံချိန်/စံညွှန်းများ တိုးတက်ကောင်းမွန်ပြီး လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အထောက်အထူပြုပစ္စည်းများနှင့် အခက်အခဲ များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ လေ့ကျင့် လျက်ရှိသည့် ပြေးခုန်ပစ်အားကစားနည်းမှ (အပြေးနှင့် အပစ်)အားကစားသမားများ၏ လေ့ကျင့် နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအားလုံးကို ယခုလာမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များများရစေချင်ကြောင်း၊ အားကစားအဆင့်အတန်းပိုမို တိုးတက်ပြီး အောင်မြင်မှုရရှိစေရန်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် နေထိုင်၊ စားသောက် မှုနှင့် သွားလာ၊ လေ့ကျင့်မှုများတွင် စည်းကမ်းတကျ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများကလည်း ရေတိုလေ့ကျင့်ရေးစီမံချက်များရေးဆွဲပြီး ဆုတံဆိပ်များများရရှိနိုင် မည့် ပြေးခုန်ပစ်အားကစားနည်းကို ဦးစားပေး၍ အားထည့်လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊ အားကစားသမားများ အောင်မြင်မှုများရရှိစေရန်နှင့် စံချိန်/စံညွှန်းများ တိုးတက်ကောင်းမွန် စေရန် လိုအပ်သည့် ထောက်ပံ့ဖြည့်ဆည်းမှုများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အပြင် နိုင်ငံခြားသို့သွားရောက် ပြိုင်ပွဲများယှဉ်ပြိုင်နိုင်ရန် စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အတွက် နည်းပြများနှင့် အုပ်ချုပ်သူ များက မိမိအားကစားသမားများကို စနစ်တကျ အစွမ်းကုန်ကြိုးစားလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ မျှော်မှန်းထားသည့် စံချိန်စံညွှန်းများနှင့် ဆုတံဆိပ်များရရှိပါက အားကစားသမားများအပြင် နည်းပြနှင့် အုပ်ချုပ်သူများကိုပါ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်၍ တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများ၏ လိုအပ်ချက်များနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။