![]()
အားကစားရေးရာဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် ၇
ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်း၊ သစ်တောများ ပြုန်းတီးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း အစရှိသည့် ကြီးမားသောသဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်နိုင်ရန်၊ ပြန်လည်ကုစားပေးနိုင်ရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည့် သစ်ပင်များစိုက်ပျိုးပြီး သစ်တောများကို ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် ငါးမျိုးစေ့များတိုးပွားလာစေရန်၊ ငါးမျိုးစိတ်များမျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစေ့ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ် အတွင်းရှိ ပြေးခုန်ပစ်တာဝေးအားကစားပြိုင်ကွင်းနှင့် ဝဏ္ဏသိဒ္ဓိရေကန်တို့၌ ကျင်းပခဲ့ရာ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန်
ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် အရာထမ်း/အမှုထမ်းများ စုပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိဝန်ကြီး တို့က ဦးဆောင်၍ စိန်ပန်းပင်များကို စိုက်ပျိုး ခဲ့ကြပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများက သတ်မှတ်နေရာ များ၌ အရိပ်ရအပင်များဖြစ်သည့် စိန်ပန်းပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ ပိတောက်ပင်၊ ယူကလစ်ပင်၊ ရေတမာပင်၊ စွယ်တော်ပင် စသည့် စုစုပေါင်းအရိပ်ရအပင် (၅၅၅)ပင်တို့အား စုပေါင်းစိုက်ပျိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သစ်ပင်သစ်တောများသည် သက်ရှိသတ္တဝါများကို အဆိပ်အတောက်ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို ဖယ်ရှားသန့်စင်ပေးပြီး သက်ရှိ သတ္တဝါများ အသက်ရှင်ရပ်တည်နေနိုင်ရန်အတွက် များစွာအရေးပါသည့် အောက်ဆီဂျင်ကိုလည်း ထုတ်လွှတ်ပေးနေသည့်အပြင် ရာသီဥတုမျှတစေရန် မြေဆီလွှာပျက်စီးမှုလျော့ပါးစေရန်၊ ရေကြီးရေလျှံမှု များကို ကာကွယ်ပေးရန်စသည့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေးအတွက်လည်း ကြီးမားသည့် အခန်းကဏ္ဍက ပါဝင်လျက်ရှိသည်ကို အားလုံးသိရှိထားရန်လိုကြောင်း၊ “ရှင်အောင်စိုက်ပျိုး၊ ကြီးအောင် ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ ထာဝရကုသိုလ်ရဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” ဆိုသည့် အဆိုအမိန့် စကားရပ်များနှင့်အညီ ယခုမိမိတို့စိုက်ပျိုးကြမည့်အပင်များကို ရှင်သန်အောင် စိုက်ပျိုးရမည့်အပြင် စိုက်ပျိုးပြီး အပင်များကိုလည်း ရှင်သန်ဖြစ်ထွန်းကြီးထွားစေရေးအတွက် စုပေါင်းဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရန် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မှာကြားခဲ့သည်။
ထို့နောက် ဝဏ္ဏသိဒ္ဓိရေကန်၌ ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ဦးဆောင်၍ ငါးမြစ်ချင်းသားပေါက်များကို စိုက်ထည့်ပေးခဲ့ပြီးနောက် အရာထမ်း/အမှုထမ်းများက ငါးမြစ်ချင်းသားပေါက် အကောင်ရေ ၅၀၀၀ ကျော်ကို ဆက်လက်စိုက်ထည့်ခဲ့ကြသည်။
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေးအန္တရာယ်များ တွေ့ကြုံ ခံစားနေရမှုများ လျော့ပါးသက်သာစေရေး၊ အနာဂတ်တွင် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကောင်း များ၊ ကောင်းမွန်သည့် ရာသီဥတုကို လက်ဆင့်ကမ်းနိုင်စေရေး၊ ရေနှင့်မြေဆီလွှာခမ်းခြောက်မှုကို ထိန်းသိမ်းနိုင်စေရေးနှင့် ငါးမျိုးကောင်းမျိုးသန့်များ ရှင်သန်ပေါက်ဖွားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနား ကို ဝန်ကြီးဌာန(ရုံးချုပ်)အပါအဝင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအတွင်းရှိ အားကစား ကွင်း/အားကစားရုံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများရှိ မြေနေရာ လွတ်များ၌ ရတနာတန်းဝင် ကျွန်းပင်နှင့်ပျဉ်းကတိုးပင်များ၊ နှစ်ရှည်ပင်နှင့် အရိပ်ရ လေကာပင် များဖြစ်သည့် စိန်ပန်းပင်၊ ယူကလစ်ပင်၊ ရေတမာပင်၊ စွယ်တော်ပင်၊ မန်ဂျန်ရှားပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ သပြေဘူတပင်၊ ပျဉ်းမပင်၊ မဟော်ဂနီပင်၊ ပိန္ဒဲပင်၊ ထောပတ်ပင်၊ သံပုရာပင်၊ မန်ကျည်းပင်၊ ယမနေပင်များနှင့် ဝန်ထမ်းများသက်သာချောင်ချိစေရေးနှင့် မိသားစုစားဝတ်နေရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် သီးပင်စားပင် အမျိုးအစား ပေါင်း(၃၂)မျိုး စုစုပေါင်း အပင်အရေအတွက် (၄၇၁၂)ပင်တို့ကို
တစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွင် နေရာဒေသအသီးသီးတို့၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အစိုးရ အဖွဲ့ဝန်ကြီးများသည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်အတူ စုစုပေါင်း အင်အား ၄၂၂၁ ဦးတို့သည် မိုးရာသီ အမျိုးသားရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစေ့စိုက်ထည့်ပွဲအခမ်းအနားကို စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။





