![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၅
အားကစားရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက်အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး နှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက် ကြသည်။
ဦးစွာအစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူ များက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် စားပွဲတင်တင်းနစ် အားကစား သမားများ ပေါ်ထွက်လာစေရေး၊ စားပွဲတင်တင်းနစ်အားကစားနည်းကို ပြည်သူများ စိတ်ဝင်စားမှုရှိလာ စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လာရောက် ယှဉ်ပြိုင်ကြသည့် စားပွဲတင်တင်းနစ် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် စားပွဲတင်တင်းနစ်အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုကျင်းပမည့် ပြိုင်ပွဲအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများအား ကြိုတင်ဖြန့်ဝေ ထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်း များနှင့် မကိုက်ညီသော အားကစားသမားများအား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ကိုထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး (တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အသင်းလိုက် ပြိုင်ပွဲ)များနှင့် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတို့အား ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား (၁၃) သင်း၊ မ(၁၂)သင်း၊ အုပ်ချုပ်/ နည်းပြ၊ အားကစားသမား စုစုပေါင်း (၁၅၆)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလနှင့် တည်းခိုနေထိုင်စဉ် ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များ ကို လိုက်နာဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အဖွဲ့ချုပ်အတွင်းရေးမှူး နှင့်တာဝန်ရှိသူတို့က ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ ပြိုင်ပွဲကျင်းပရာနေရာသို့အချိန်မီ ရောက်ရှိစေရေးကို လည်းကောင်း၊ ဆေးဘက်ဆိုင်ရာဌာနခွဲ ၊ ကွင်း/ ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့်စားရိပ်သာတို့မှ ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြိုင်ပွဲရုံသို့ ကြို/ပို့ရေးကိစ္စရပ်များ ၊ အခြားလိုအပ်ချက်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသင်းများမှ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲလိုသည့်ကိစ္စရပ်များအား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေး အား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။


