![]()
၂၀၂၆ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၊ တောင်ကြီးမြို့၊ ဇွန်လ ၃၀ ရက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ အားကစားရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ (၁၆း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အတွင်းရေးမှူး နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော် ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့်ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်း ဘတ်စကက်ဘောအားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများ ဒေသန္တရ ဗဟုသုတရရှိစေရေးနှင့် အချင်းချင်းပိုမိုချစ်ကြည်ရင်းနှီးမှုရရှိလာစေရေး၊ ယဥ်ကျေးမှုဓလေ့ထုံးစံများ အပြန်အလှန်ရရှိစေရေး ၊ အားကစားသမားများ အားကစားကိုချစ်မြတ်နိုးမှုရရှိစေရေးတို့ကို ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ၊ ယခုလိုအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ်များ အားကစားကိုပိုမိုစိတ်ပါဝင်စားလာပြီး လမ်းမှားသို့ရောက်ရှိခြင်းကို ကာကွယ်ပေးမှာဖြစ်သလို လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမှာဖြစ်ပါကြောင်း အစရှိသည်တို့ကိုပြောကြားသွားကာ ပြိုင်ပွဲသို့ပါဝင်ယှဥ်ပြိုင်ကြသော အသင်းများအား လိုက်လံနှုတ်ဆက်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အ.ထ.က(၃)ဘင်ခရာအဖွဲ့ကို (၂)သိန်းကျပ်အား ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားပွဲစဥ်အဖြစ် လားရှိုးမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှု့အားပေးခဲ့ကြောင်းသိရှိခဲ့ရကာ အဆိုပါပြိုင်ပွဲကို ၃၀. ၆. ၂၀၂၆ ရက်နေ့မှ ၅. ၇. ၂၀၂၆ ရက်နေ့အထိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းမှအမျိုးသားအသင်း(၆) သင်း နှင့် အမျိုးသမီးအသင်း (၃)သင်း ပြိုင်ပွဲဝင်အသင်းပေါင်း (၉)သင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၁၀၈)ဦးတို့မှပါဝင် ယှဉ်ပြိုင်ကစားကြကြောင်းသိရှိခဲ့ရပြီး ရှမ်းပြည်နယ်အတွင်းရှိ ဘတ်စကက်ဘောအားကစားဝါသနာရှင်မိဘပြည်သူများ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှု့အားပေးနိုင်ပါကြောင်းသိရှိခဲ့ရပါသည်။


