အားကစားရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိအားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား အငယ်တန်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇူလိုင် ၃

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာ စေရန် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး နောက် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား အငယ်တန်း ဘိလိယက်နှင့် စနူကာပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက်ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တိုင်းအားကစားကွင်းနှင့်အားကစားရုံတို့အား အားကစားကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ အားကစားရုံ ရေရှည်တည်တံ့စေရေးတို့ အတွက် ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ အားကစားကွင်းအတွင်း အားကစားလှုပ်ရှား လေ့ကျင့် ဆောင်ရွက်မှုများအား နေ့စဉ်မပြတ်ရှိစေရေးအတွက် စည်းရုံးဆောင်ရွက်သွားရန်နှင့် အားကစားလေ့ကျင့်ရန် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့အားကစား အောင်မြင်စေရေး၊ တိုင်းဒေသကြီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် တိုင်း/ခရိုင်/မြို့နယ်/ကျေးရွာနှင့် ကျောင်းအားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုကြောင်း၊ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် လိုအပ်ချက်များရှိပါက အထက်အကြီးအကဲများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြနိုင်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိသားစုသက်သာချောင်ချိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မိမိတို့ နေထိုင်သည့် အိမ်ရာပတ်ဝန်းကျင်များတွင် သန့်ရှင်းရေးများဆောင်ရွက်ပြီး တစ်ပိုင်တစ်နိုင် သီးပင် စားပင်များကို စိုက်ပျိုးသွားရန် မှာကြားခဲ့ပြီး ဝန်ထမ်းများက အခက်အခဲများကိုတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ သက်သာ ချောင်ချိစေရေးအတွက် စားသောက်ကုန်ပစ္စည်းဖြစ်သည့် (ကြက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် ဆီ)တို့ကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ဘိလိယက်နှင့်စနူကာ အားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား အငယ်တန်း ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရမှတ် ၈၀ မှတ်ဖြင့် Highest Break အမှတ်အများဆုံးဆုရရှိသည့် အောင်နိုင်စိုး (ရန်ကုန်တိုင်းဒေသကြီး)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာ ထူးမောင်က ဆုဖလားနှင့် ဆုကြေးငွေ ကျပ် ၅ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသည့် အောင်နိုင်စိုး (ရန်ကုန်တိုင်းဒေသကြီး)ကို ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ဆုဖလားနှင့် ဆုကြေးငွေ ကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် နေလင်းဦး (ဧရာဝတီတိုင်းဒေသကြီး)ကို လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက ဆုဖလားနှင့် ဆုကြေးငွေ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပထမဆုရရှိသည့် ကျော်ဝင်းလှိုင်(မန္တလေးတိုင်းဒေသကြီး)ကို စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က Champion ဆုဖလားနှင့် ဆုကြေးငွေ ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ အမျိုးသားစနူကာ တစ်ဦးချင်းပြိုင်ပွဲတွင် ရမှတ် ၆၄ မှတ်ဖြင့် Highest Break အမှတ်အများဆုံးဆုရရှိသည့် ကျော်စွာဝင်း(ဧရာဝတီတိုင်းဒေသကြီး)ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက ဆုဖလားနှင့် ဆုကြေးငွေ ကျပ် ၅ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသည့် မှူးဝေယံ(ကရင်ပြည်နယ်)ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ဆုဖလားနှင့် ဆုကြေးငွေ ကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ချစ်မျိုးဦး (မန္တလေးတိုင်းဒေသကြီး)ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဆုဖလားနှင့် ဆုကြေးငွေ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပထမဆုရရှိသည့် ကျော်စွာဝင်း (ဧရာဝတီတိုင်းဒေသကြီး)ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက Champion ဆုဖလားနှင့် ဆုကြေးငွေ ကျပ်သိန်း ၅၀ ကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား အငယ်တန်း ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့အထိ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ဘိလိယက်နှင့်စနူကာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘိလိယက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမား ၂၄ ဦး၊ စနူကာ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမား ၇၈ ဦး၊ စုစုပေါင်း အားကစားသမားအင်အား ၁၀၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။