အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၃၀

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေး ကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးညီညီ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၁)၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂)၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve နှင့် Compound Ranking Round ပြိုင်ပွဲတွင် မြား(၃)ချောင်း (၆) ကြိမ် စုစုပေါင်း မြား(၁၈)ချောင်းပစ်ခတ်ခြင်း၊ အကြိုဗိုလ်လုပွဲ နှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ပစ်ခတ်ခဲ့ကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ (အမျိုးသား/အမျိုးသမီး) အတိုးတက်ဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် မောင်မျိုးသူရမျိုးဆက်နှင့် မနီနီဝင်းတို့ကို မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းကလည်းကောင်း၊ ၁၅ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် မောင်မျိုးသူရမျိုးဆက်(ပထမ)၊ မောင်ရဲရင့်ပိုင်(ဒုတိယ)နှင့် မောင်ချစ်ဦး(တတိယ)တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အတွင်းရေးမှူး(၁)၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူတို့က လည်းကောင်း၊ ၃၀ မီတာ Compound တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် မနီနီဝင်း(ပထမ)၊ မောင်ဝေယံထက်(ဒုတိယ)နှင့် မပွင့်မာလာသော်(တတိယ)တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ ၃၀ မီတာ Recurve တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် မစန္ဒာစိုးထွန်း(ပထမ)၊ မချိုချိုဇင်(ဒုတိယ)နှင့် မမိုးစက်တင်(တတိယ)တို့ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။