![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန် ၃၀
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများအား လူတွေ့စစ်ဆေး ခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် နာယက ဦးစိုးတင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်၊ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲဝင်အားကစားသမားများအား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကန့်ကွက်ရန် ရှိ/မရှိ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက စစ်ဆေး၍ ညှိနှိုင်းဆုံးဖြတ်အတည်ပြုပေးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နာယက ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြား ရာတွင် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒိုင်လူကြီး များအနေဖြင့်လည်း အမှတ်ပေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျ ဆုံးဖြတ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင် အသင်းများအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင် သွားကြစေလိုကြောင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကလည်း စည်းမျဉ်း/စည်းကမ်း များကို နားလည်သဘောပေါက်ပြီး လေးစားလိုက်နာရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် ခြင်းလုံးအားကစားနည်း ပိုမိုတိုးတက်ပြန့်ပွားလာစေရန်နှင့် နိုင်ငံတော် အတွက် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပ ပေးခြင်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားပြု အသင်း အောင်နိုင်ရေးအတွက် သန့်သန့်ရှင်းရှင်းဖြင့် တရားမျှတစွာ ကြိုးစားယှဉ်ပြိုင်သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများကို လေးစားလိုက်နာသွားရန်နှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ ဆုံးဖြတ်ဆောင်ရွက်ပေးသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်က ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲအမျိုးအစားများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျင်းပမည့်ပြိုင်ပွဲအမျိုးအစားများအဖြစ် ၆ ပေါက်တန်းအဆင့် (အမျိုးသား)ပြိုင်ပွဲ၊ ၄ ပေါက်တန်းအဆင့် (အမျိုးသမီး)ပြိုင်ပွဲ၊ Event -3 (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ချီးမြှင့်မည့်ဆုတံဆိပ်များအနေဖြင့် အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုနှင့်ဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်များအပြင် ဆုကြေးငွေအနေဖြင့် ပထမဆု အတွက် ငွေကျပ်သိန်း ၃၀၊ ဒုတိယဆုအတွက် ငွေကျပ်သိန်း ၂၀၊ တတိယဆုနှင့် ပူးတွဲတတိယဆု တို့အတွက် ငွေကျပ် ၁၀ သိန်းစီ၊ အကောင်းဆုံးအားကစားသမားဆုအတွက် ငွေကျပ် ၃ သိန်းတို့အား ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ ကိုယ်စားပြုပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကိစ္စရပ်များ၊ စည်းမျဉ်း/စည်းကမ်း သတ်မှတ်ချက်များနှင့် အားကစားသမားများဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေးအဆင့်သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မဲနှိုက်၍ ပွဲစဉ်ဇယားရေးဆွဲ ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
ဝန်ကြီးဌာနများမှ ဝန်ထမ်းများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိစေရန်၊ စိတ်လက်ပေါ့ပါးမှုရှိပြီး ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်စေရန်နှင့် မျိုးဆက်သစ်ပဏာမ လက်ရွေးစင်များ ပေါ်ထွက်လာစေရန်တို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာ ခြင်းလုံး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပြိုင်ပွဲကာလ ၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အမျိုးသား ၁၄ သင်း၊ အမျိုးသမီး ၆ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


