အားကစားရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၆) အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန် ၂၇

၂၀၂၇ခုနှစ် ၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရေးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၆) ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးတို့နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာမြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံမြားပစ်အားကစားဖွံ့ဖြိုးရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်နေကြသည့် အဖွဲ့ဝင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်မှုအရ အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း၊ မြားပစ်အားကစားနည်းအနေဖြင့် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲများတွင် ဆုမရရှိခဲ့သည့် အတွက် ယခုလာမည့်ဆီးဂိမ်းမှာ အနည်းဆုံးရွှေတံဆိပ်တစ်ခု ရရှိအောင်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြားပစ်အားကစားနည်း အောင်မြင်မှု ရရှိစေရန် အဆင့်မီအရည်အချင်းပြည့်ဝသည့် နည်းပြများလိုအပ်သည့်အတွက် ပြည်ပနည်းပြများကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း၊ မြားပစ် အားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ မွေးထုတ်ပေးနိုင်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရန် အားလုံးဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်သွားစေ လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး က (၃၄)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများ ၊ စခန်းသွင်း လေ့ကျင့်မည့် အစီအစဉ်၊ Recurve နှင့် Compound အားကစားနည်းမှ ပြည်ပနည်းပြငှားရမ်းမှုအခြေအနေများ၊ ပူးတွဲလေ့ကျင့်မှုနှင့် ပြည်ပပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်မှုများ ၊ လေ့ကျင့်ရေးသုံးနှင့်ပြိုင်ပွဲဝင်သုံး အထောက်အကူပြုပစ္စည်းများ စီစဉ်ဆောင်ရွက် ထားရှိမှုတို့အားလည်းကောင်း၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၆) ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြ ခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြရာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ဖြည့်ဆည်း ပေးခဲ့ကြောင်းသိရသည်။