![]()
အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇွန် ၂၇
ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တို့ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၂)၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် (၇)နှစ်မှ (၇၅)နှစ်ထိ စက်ဘီးစီးဝါသနာရှင် များ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား စုစုပေါင်းအင်အား ၅၀၀ ဦးခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် (၇)နှစ်မှ (၇၅)နှစ်ထိ စက်ဘီးစီး ဝါသနာရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး ခရာမှုူတ်၍ စက်ဘီးစီးနင်းရန် တာလွှတ်ပေးခြင်းနှင့် အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ (Youth Camp)မှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့်အတူ စုပေါင်းလမ်းလျှောက်ခြင်း များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအရှေ့ဘက် (Gate- A)မှ စတင်ပြီး ကွင်းပတ်လမ်းအတိုင်း ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A,B,C)အရှေ့ဘက်တွင် ပန်းဝင်၍ စုပေါင်းလမ်းလျှောက်ခြင်းများကို ပျော်ပျော်ပါးပါး ဆင်နွှဲ ခဲ့ကြသည်။
ဆက်လက်ပြီး အားကစားရေးရာဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ စက်ဘီးစီးဝါသနာရှင် များ၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများသည် စုပေါင်းကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်း အတွဲ ၁ နှင့် ၂ တို့ကိုလည်းကောင်း၊ ခန္ဓာကိုယ်ပေါ့ပါးပြီး တစ်နေ့တာ စိတ်အပန်းပြေစေရန် ပျော်ပျော်ပါးပါးဖြင့် စုပေါင်း၍ Zumba ကစားခဲ့ကြပြီးနောက် အခမ်းအနားတွင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသူများကို လန်းဆန်းစာအဖြစ် အချိုရည်နှင့် ပေါင်မုန့်များကို ပေးဝေခဲ့သည်။
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအိုလံပစ် ကော်မတီတို့ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲများနှင့် အားကစားပြိုင်ပွဲများကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။




