![]()
အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အဦဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အားကစားရေးရာဝန်ကြီးဌာန အောင်ဆန်း အားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အဦဟောင်းများ ဖျက်သိမ်း၍ လေလံတင် ရောင်းချနိုင် ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း ၁၃: ၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ ၌ ကျင်းပခဲ့သည်။
ဦးစွာ လေလံတင်ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် အောင်ဆန်းအားကစားကွင်း အသစ်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အဆောက်အဦဟောင်းများအား လေလံတင်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွား စေလိုကြောင်း၊ ဆိုင်ခန်းများ ရှင်းလင်းဖယ်ရှားနိုင်ရေး၊ လေလံတင်ရောင်းချနိုင်ရေး၊ ကာလတန်ဖိုး သတ်မှတ်နိုင်ရေးနှင့် အိတ်ပိတ်လေလံတင်ဒါခေါ်ယူနိုင်ရေးတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အသီးသီး အသေးစိတ်တင်ပြဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ Lot အလိုက်ခွဲခြားထားသည့် အဆောက်အဦများအား လေလံတင်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် သတင်းစာများတွင် အိတ်ပိတ်လေလံတင်ဒါ စနစ်တကျ ခေါ်ယူနိုင်ရေးအတွက် ထည့်သွင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဥပဒေအကြံပေး၏ အကြံပြုချက်များအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးက အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ ဖျက်သိမ်းမည့် အဆောက်အဦများ၊ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုများ၊ အဆောက်အဦဟောင်းများနှင့် အားကစားဆိုင်ရာအဆောက် အဦများစနစ်တကျ လေလံတင်ရောင်းချဖျက်သိမ်းနိုင်ရေးများ၊ ကာလတန်ဖိုးသတ်မှတ်ရေးအဖွဲ့၏ ကြမ်းခင်းစျေး၊ ကာလတန်ဖိုးတွက်ချက်ဆောင်ရွက်ထားရှိမှုများ၊ Lot အလိုက် တင်ဒါခေါ်ယူမည့် လျာထား Layout Plan ၊ အသစ်ပြန်လည်တည်ဆောက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုတို့အား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းရှိ ဌာနပိုင်အဆောက်အဦဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (အင်ဂျင်နီယာဌာန/စီမံရေးရာဌာန)တို့မှ တာဝန်ရှိသူ တို့က အောင်ဆန်းကွင်းအတွင်းရှိ အဆောက်အဦဟောင်းများအား ဖျက်သိမ်း၍ လေလံတင်ရောင်းချရာ တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများ၊ အခွန်ကိစ္စရပ်များ၊ ကြမ်းခင်းစျေး တွက်ချက်သတ်မှတ်မှုများ၊ လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ရွှေ့ပြောင်းရေးကိစ္စရပ်များ၊ မြေအောက် ရေပိုက်လိုင်းသုံးစွဲမှု၊ ရေစီးရေလာကောင်းမွန်စေရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီး တင်ပြဆွေးနွေးခဲ့ပြီး လေလံတင်ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ထပ်မံဖြည့်စွက်ပြောကြားခဲ့ပြီးနောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ လေလံတင်ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။




