![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး Gold Camp နှင့် Youth Camp တို့မှ ပိုက်ကျော်ခြင်း၊ အလေးမ၊ မြားပစ်နှင့် ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် ၂၄
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ပီတန်းကွင်းတို့၌ လေ့ကျင့်လျက်ရှိသည့် Gold Camp နှင့် Youth Camp တို့မှ ပိုက်ကျော်ခြင်း၊ အလေးမ၊ မြားပစ်နှင့် ပီတန်းအားကစားသမားများ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီးနောက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ၍ ကျန်းမာရေးသည် အရေးကြီးသည့်အတွက် နေထိုင်၊ သွားလာ၊ စားသောက်မှုနှင့် လေ့ကျင့်မှုများတွင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးမထိခိုက်စေရန် အိပ်ရေးဝဝအိပ်ရန်လိုကြောင်း၊ အိပ်ရေးဝမှသာ လေ့ကျင့်မှုပြုလုပ်ရာတွင် အားကစားနည်းအလိုက် မိမိတို့ယခင်ရရှိထားသည့် စံချိန်/စံညွှန်းများထက် ပိုမိုကောင်းမွန် အောင် ကြိုးစားလေ့ကျင့်နိုင်မည်ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာမရရှိအောင် နည်းပြများ၏ သင်ကြား လေ့ကျင့်ပေးမှုအတိုင်း ဂရုစိုက်လိုက်နာ၍ လေ့ကျင့်သွားရန်လိုကြောင်း၊ အားကစားနည်းအလိုက် လိုအပ်သည့် လေ့ကျင့်ရေးသုံးအထောက်အကူပြုပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံးထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားအောင်မြင် မှုရရှိစေရန်နှင့် အားကစားသမားများ၏ အခက်အခဲများအား ကူညီဖြေရှင်းပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများတွင် အားကစား နည်းအလိုက် လေ့ကျင့်နေမှုများကို အခါအားလျော်စွာ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှု အားပေးသွားမည်ဖြစ်ကြောင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအနေဖြင့်လည်း အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် သတင်းပို့တင်ပြနိုင်ကြောင်း ပြောကြား ခဲ့ပြီးနောက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များနှင့် အခက်အခဲ များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


