အားကစားရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ ဇွန် ၂၄

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရေး နှင့် မြန်မာ့ရေကူးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရေးကို ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ရေကူးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် (ဦးဝိစာရလမ်း)ရှိ အမျိုးသားရေကူးကန်၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒိုင်လူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို မိမိတို့ ရန်ကုန် တိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားစွမ်းရည်ဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်အောင် အထူးကြိုးပမ်းသွားကြစေလို ကြောင်း၊ ပြိုင်ပွဲကိုလာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာကြပြီး အားကစားစိတ်ဓာတ်အပြည့်အဝနှင့် မိမိတို့၏ အစွမ်းအစ အရည်အချင်းများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းအောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင် ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားစေ လိုကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော်က အားထားရမည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှလူငယ်များ ရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေး၊ ထူးချွန်ထက်မြက်သည့် ရေကူးမျိုးဆက်သစ် လူငယ်များပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခု ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်း အဆင့်အတန်း ပြန်လည်ဦးမော့ လာစေရေးနှင့် ရေကူးအားကစားနည်း မျိုးဆက်မပြတ်စေရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ပြီး အခြေခံပညာကျောင်းများမှာ ရေကူးအားကစားနည်းကို စိတ်ပါဝင်စားလာအောင် စည်းရုံးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာရေကူးပြိုင်ပွဲ များတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် လာမည့်နိုင်ငံတကာရေကူး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုများရရှိစေရန်အတွက် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ နှင့် အားကစားသမားများက ‘ဆ’ ထက်ထမ်းပိုး ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲကတဆင့် မြန်မာ့လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုခဲ့ကြ ပြီးနောက် ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် တာဝန်ရှိသူများ နှင့်အတူ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အ.ထ.က(၃) မင်္ဂလာ တောင်ညွန့်မှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစား ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးတို့က ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၅)သိန်းကို ပေးအပ်ခဲ့သည်။

ယနေ့ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲ ပွဲစဉ်များ အဖြစ် မီတာ ၄၀၀ နှင့် မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲများ၊ မီတာ ၁၀၀ (ပက်လက်ကူးပြိုင်ပွဲများ၊ ရင်ဘောင်တန်းကူးပြိုင်ပွဲများနှင့် လိပ်ပြာကူးပြိုင်ပွဲများ)၊ မီတာ ၂၀၀ လေးမျိုးကူးပြိုင်ပွဲများ၊ မီတာ(၅၀ x ၄) လွန်းပျံလေးမျိူးကူးပြိုင်ပွဲများတွင် ရေကူးအားကစားသမားများ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။