![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ရန်ကုန် ၊ ဇွန် ၂၃
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနား ကို ယနေနံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ရေကူးဆပ်ကော်မတီဝင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများ နှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက မိတ်ဆက် ဂါရဝပြု ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုမိတ်ဆက်စကားပြောကြားရာတွင် နိုင်ငံတော်က မြန်မာ့အားကစားကဏ္ဍကို အစွမ်းကုန်အားပေးချီးမြှောက်နေသည့် အခွင့်အခါသာခိုက်အချိန်မှာ အားကစားသမားများအနေဖြင့် အောင်မြင်လိုသည့်စိတ်ကို အခြေခံကာ လုံ့လဝီရိယနှင့် အားထုတ် ကြိုးပမ်းသင်ယူလေ့ကျင့်ပြီး ယခုပြိုင်ပွဲမှာ မိမိတို့ရဲ့ အစွမ်းအစ အရည်အသွေး များကို ဖော်ထုတ် ပြသကြစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကတဆင့် နိုင်ငံတော်က အားထားရမည့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားအဖွဲ့များနှင့်အတူ တည်ခင်းဧည့်ခံထားသော လက်ဖက်ရည်နှင့်မုန့်များအား အတူတကွသုံးဆောင်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရေကူးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမျိုးသားရေကူးကန် (ဦးဝိစာရ)တွင် ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၃)သင်း ၊ အမျိုးသမီးအသင်း (၁၂)သင်းနှင့် ပြိုင်ပွဲဝင် စုစုပေါင်းကစားသမားအင်အား (၂၁၄)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရေကူးအားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။


