အားကစားရေးရာဝန်ကြီးဌာန

Loading

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန် ၂၂

အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမဒိုင်နှင့်နည်းပြမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးညီညီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူ များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။

ဦးစွာ အခမ်းအနားအစီအစဉ်အရ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားစေရေး ဦးတည်ချက်များနှင့်အညီ အားကစား ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အနေဖြင့် အဘက်ဘက်မှ အားပေးပံ့ပိုးပေးလျက် ရှိကြောင်း၊ မိမိတို့အားကစားရေးရာဝန်ကြီးဌာနအနေဖြင့်လည်း အားကစားကဏ္ဍမြင့်မားစေရန် ရက် ၁၀၀ စီမံချက်အဖြစ် အလေးမအားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ယခု အလေးမဒိုင်နှင့် နည်းပြမွမ်းမံသင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၁၉၆၄ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ် (IWF)၊ အာရှအလေးမအဖွဲ့ချုပ်(AWF)၊ အရှေ့တောင်အာရှ အလေးမအဖွဲ့ချုပ် (SEAWF)တို့နှင့် ဆက်သွယ်၍ အလေးမအားကစား အဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ထိ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် များစွာကို မလွတ်တမ်းရယူ ပေးနိုင်ခဲ့ပြီး သက်တမ်းကြာရှည်စွာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစား အဖွဲ့ချုပ်တစ်ခုလည်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို နိုင်ငံတော်အစိုးရ အနေဖြင့် ဂုဏ်ပြုချီးမြှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားကြီးများကိုလည်း “ဝဏ္ဏကျော်ထင်ဘွဲ့” ပေးအပ်၍ နိုင်ငံတော်မှ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့် ပေးခဲ့ပါကြောင်း၊ အားကစားကဏ္ဍပိုမိုတိုးတက်မြင့်မားစေရန် အားကစားသမားများအား စနစ်တကျ စခန်းသွင်း လေ့ကျင့်နိုင်ရေးအတွက် အားကစားကွင်း/အားကစားရုံများ၊ အထောက်အကူပြု အားကစားပစ္စည်းများနှင့် လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများကို နှစ်စဉ်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယခုလို အလေးမဒိုင်နှင့်နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် စတင်ပြောင်းလဲမည့် ဝိတ်တန်းများ၊ အခြားသော ပြုပြင်ပြောင်းလဲသတ်မှတ်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများ၊ နိုင်ငံတကာပြိုင်ပွဲများတွင် ဆောင်ရွက်နေမှုများကို အချိန်တိုအတွင်း သိရှိလေ့လာခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန် အားကစားကဏ္ဍသည် အရေးကြီးသည့်အပိုင်းတွင် ပါဝင်ပါကြောင်း၊ အားကစားတွင် တာဝန်ယူဆောင်ရွက်နေသူများအနေဖြင့် ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်လာအောင် စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား လိုကြောင်း၊ အားကစားအောင်မြင်မှုတွင် အားကစားသမားများသာမက နည်းပြများ၏ အခန်းကဏ္ဍသည် များစွာ အရေးပါကြောင်း၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများဖြစ်လာအောင် နည်းပြများ အနေဖြင့် မိမိအားကစားသမားများကို နည်းစနစ်ပိုင်းသာမက အထောက်အကူပြု လေ့ကျင့်ခန်းများ၊ ပြိုင်ပွဲနှင့်ပတ်သက်သည့် ဥပဒေနှင့်စည်းမျဉ်းများ၊ အားကစားသမားကောင်း တစ်ဦးတွင်ရှိရမည့် စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုတို့ကို သင်ကြားပေးသွားရမည့်အပြင် အင်အားဖြစ်စေမည့် အစာ အာဟာရများကို စားသုံးတတ်စေရန်နှင့် တားမြစ်ဆေးဝါးများ၏ ဆိုးကျိုးများကို ကိုယ်တိုင်သိရှိ နားလည်ပြီး ရှောင်ကြဉ်တတ်စေရန် အထူးသင်ကြားပေးရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက် လာကြသည့် သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို သေချာစွာ လေ့လာသင်ယူပြီး အလေးမအားကစားနည်းကို အဖက်ဖက်မှ တိုးတက်စေရန်နှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ထိုက်ထိုက်တန်တန်ဖြင့် ဆက်လက်ရရှိအောင် မိမိတို့ တာဝန်ကျရာဒေသအသီးသီးတွင် မျိုးဆက်သစ်အလေးမအားကစားသမားများအား ရှာဖွေ၊ စည်းရုံး၊ စုဆောင်းပြီး လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် သင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမှုများကို စိတ်ဝင်စားစွာဖြင့် ထိထိမိမိ သင်ယူလေ့လာသွားရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အလေးမဒိုင်နှင့်နည်းပြမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၆)တွင် သင်တန်းနည်းပြ ၄ ဦးတို့က သင်တန်းသား/သင်တန်းသူ ၃၂ ဦးတို့အား နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်တန်း ကာလ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။