![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း ၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန် ၂၀
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ကောင်စစ်ဝန်ချုပ် Ms, Gao Ping ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ဗထူး အားကစားရုံ၌ ရက် ၁၀၀ အတွင်း စီမံချက်တစ်ခုအဖြစ် အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် “၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ” ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်သီချင်း သီဆိုခဲ့ကြပြီးနောက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ
အိုလံပစ်နေ့ကို ကြိုဆိုဂုဏ်ပြုခြင်း၊ လူငယ်ထုအကြား အိုလံပစ်နေ့စိတ်ဓာတ်ဖြစ်သည့် ချစ်ကြည်ရေး၊ အပြန်အလှန်လေးစားမှုနှင့် အားကစား စိတ်ဓာတ်များ ပိုမိုနိုးကြားသက်ဝင်လာစေခြင်း၊ မတူညီသော ဒေသအသီးသီးမှ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး ဝူရှူးအားကစားသမားများနှင့် နည်းပြများအချင်းချင်း ဗဟုသုတနှင့် နည်းစနစ် များကို ဖလှယ်ခွင့်ရရှိခြင်း၊ မျိုးဆက်သစ် ရွက်ပုန်းသီး လူငယ်ဝူရှူးအားကစားသမားလေးများကို အောက်ခြေမှ စတင်ပေါ်ထွက်လာစေရေးတို့ ရည်ရွယ်၍ ရက် ၁၀၀ အတွင်း စီမံချက်တစ်ခုအဖြစ် ယခု ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များကို ဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သည့် အားကစားအဖွဲ့ချုပ် တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုလိုအောင်မြင်မှုများ ဆက်လက်ရရှိအောင် အဖွဲ့ချုပ်မှ တာဝန်ရှိသူများကလည်း လေ့ကျင့်ရေးစီမံချက်များ စနစ်တကျ ရေးဆွဲသွားရန်နှင့် အားကစားသမားများကလည်း အားကြိုး မာန်တက် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယနေ့ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ကိုယ်စားပြုယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေး အတွက် အနိုင်မခံ၊ အရှုံးမပေးသည့် ဇွဲ၊ စိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်အောင် ဆက်လက် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ အိုလံပစ်နေ့ အထိမ်းအမှတ် ဝူရှူး(ထောက်လု) ဖိတ်ခေါ်ပြိုင်ပွဲ”ကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာက ပြိုင်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆို ခြင်းများဆောင်ရွက်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနား အား ရုပ်သိမ်းခဲ့သည်။





ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)သို့ သွားရောက်၍ ပေ ၁၂၀ x ၃၀ RC (၂)ထပ် B.Sc Sport စာသင်ဆောင်၊ ပေ ၁၂၀ x ၄၀ RC (၂)ထပ် (မြဝတီ)စာသင်ဆောင်၊ ပေ ၁၃၇ x ၄၄ RC (၂)ထပ် အားကစားနှင့်ကာယပညာ သိပ္ပံရုံးနှင့် ပေ ၁၄၀ x ၄၀ RC အမျိုးသား(၃)ထပ်ဆောင်(VIP) အသစ်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အစည်းအဝေးခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တို့မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့်လည်း မြန်မာ့အားကစားကဏ္ဍမြင့်မားစေရေး နှင့် မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီး အားကစားအဆင့်အတန်းပိုမို တိုးတက်မြင့်မားလာစေရေးအတွက် အားကစားနည်းအလိုက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းများကို သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်၍ Pilot Project တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်း ဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည် များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား/သင်တန်းသူများနှင့်အတူ နေ့လည်စာ အတူတူသုံးဆောင်ခဲ့ပြီးနောက် အုပ်ချုပ်နည်းပြများနှင့် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ ၍ အားကစားအောင်မြင်မှုတွင် အားကစားသမားများသာမက နည်းပြများသည် လွန်စွာအရေးကြီး ကြောင်း၊ ဒါ့အပြင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ သိပ္ပံကျောင်းများတွင် တက်ရောက်နေကြသည့် သင်တန်းသား/သင်တန်းသူများကို အခြေခံနည်းစနစ်များအား စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမှသာ မြန်မာ့လက်ရွေးစင် အားကစား သမား အဆင့်ထိရောက်ရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သူများဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများကလည်း နည်းပြများ၏ လေ့ကျင့်သင်ကြားပေးမှုများအတိုင်း လေးစားလိုက်နာပြီး မိမိတို့ရရှိထားသည့် စံချိန်/စံညွှန်းများထက် ပိုမိုကောင်းမွန်၍ အားကစားနှင့်ပညာရေးနှစ်ခုလုံးကို အစွမ်းကုန် ဆက်လက်ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီးနောက် အုပ်ချုပ်/နည်းပြ များနှင့် သင်တန်းသား/ သင်တန်းသူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်တို့နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းသို့ သွားရောက်၍ Football for School အစီအစဉ်ဖြင့် သင်းတန်းများဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် ဘောလုံးအားကစားနည်းတွင် နည်းပြ ၅၈ ဦးတို့က သင်တန်းသား/ သင်တန်းသူ ၇ဝဝ ဦးတို့ကို အခြေခံဘောလုံးနည်းစနစ်များ လေ့ကျင့် သင်ကြားပေးနေမှုများအားလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းတွင် နည်းပြ ၅ ဦးတို့က သင်တန်း သား/ သင်တန်းသူ ၁ဝဝ ဦးတို့ကို အခြေခံပြေးခုန်ပစ်နည်းစနစ်များ လေ့ကျင့်သင်ကြားပေးနေမှုများ အားလည်းကောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းတွင် နည်းပြ ၃ ဦးတို့က သင်တန်းသား/ သင်တန်းသူ ၅၀ ဦး တို့ကို အခြေခံနည်းစနစ်များ လေ့ကျင့်သင်ကြားပေးမှုများအားလည်းကောင်း လိုက်လံကြည့်ရှု အားပေးခဲ့ပြီးနောက် ရေသန့်ဗူးများနှင့် အင်အားဖြည့်အချိုရည်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။




